ကြွေလွင့်သွားတဲ့ အနုပညာကြယ်တစ်ပွင့် Jonghyun

ဒီနေ့ရဲ့ မနက်ခင်းသတင်းလေးက မလှပခဲ့ပါဘူး။ အနုပညာကောင်းကင်ပေါ်ကကြယ်တစ်ပွင့် ကြွေလွင့်သွားတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းကသီချင်းချစ်သူတွေရဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်သွားစေခဲ့ပါတယ်။ အသက် ၂၇ သာရှိသေးတဲ့ တောင်ကိုရီးယားနိုင်ငံကအနုပညာရှင် Kim Jong-hyun ကို သူ့ရဲ့နေအိမ်မှာ သတိမေ့မျှောရက်သားရှာဖွေတွေ့ရှိခဲ့ကြပြီး ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း သူ့ရဲ့အသက်ကိုမကယ်ဆယ်နိုင်ခဲ့ကြပါဘူး။ K-Pop လောကရဲ့ အထင်ကရပြယုဒ်တစ်ခုဖြစ်တဲ့ Shinee အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jonghyun ဟာ စိတ်ဖိစီးမှုတွေကိုမခံစားနိုင်တော့လို့ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့တယ်လို့ဆိုပါတယ်။

Jonghyun ဟာ မသေဆုံးမီကတည်းက သူ့ရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ အဆိုတော် Nine9 ဆီကို သူ့ရဲ့ suicide note ကိုပေးပို့ထားခဲ့ပြီး သူဒီကမ္ဘာကြီးထဲမှာမရှိတော့တဲ့အခါ ဒီစာကိုအများသိရှိအောင် ဖြန့်ပေးဖို့မှာကြားထားခဲ့တယ်လို့ဆိုပါတယ်။ Jonghyun သေဆုံးသွားပြီးနောက်မှာတော့ Nine9 က Jonghyun ရဲ့မိသားစုနဲ့တိုင်ပင်ပြီး အဲဒီသေတမ်းစာကို သူမရဲ့ instagram မှာတင်ပေးခဲ့ပါတယ်။ သူမရဲ့ မူရင်း post ကိုတော့ ဒီနေရာ မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

အဲဒီသေတမ်းစာထဲမှာ Jonghyun က သူရဲ့ရင်တွင်းကခံစားချက်တွေကို အခုလိုဖွင့်ဟပြောဆိုထားခဲ့ပါတယ်..

ငါ့ရဲ့စိတ်နှလုံးက လုံးဝနာကျင်နေပြီ၊ ငါ့ရဲ့စိတ်ပင်ပန်းဆင်းရဲမှုတွေက ငါ့ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့ပြီ၊ အဲဒါတွေကိုတွန်းလှန်တိုက်ခိုက်ဖို့ ငါ့မှာခွန်အားလုံးဝမရှိတော့ဖူး

ဒီမွန်းကြပ်မှုတွေကိုကုစားဖို့လမ်းမရှိတော့ဘူးဆိုရင် ဒီဘဝကြီးကိုအဆုံးသတ်လိုက်တာပဲကောင်းမယ်

Jonghyun ရဲ့ဝမ်းနည်းဖွယ်သတင်းကို ကမ္ဘာတစ်ဝန်းက သူ့ကိုချစ်တဲ့သူတွေက မျက်ရည်ဖြိုင်ဖြိုင်နဲ့လက်ဆင့်ကမ်းနေကြပါတယ်။ အကြွေစောတဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ Jonghyun တစ်ယောက် ကောင်းရာသုဂတိလားပါစေ.. နောက်ဘဝဆိုတာရှိခဲ့ရင် သူချစ်တဲ့အနုပညာအလုပ်ကို အပူအပင်ကင်းစွာနဲ့လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

Rest in Peace, Jonghyun

Leave a Reply

Your email address will not be published. Required fields are marked *