BTS အဖွဲ့ ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်း

ဒီနှစ်ပိုင်းတွေထဲမှာ အာရှဘက်ကနေပြီး ဟိုးအနောက်က နိုင်ငံဘက်တွေအထိတိုင်အောင် ထိုးဖောက်အောင်မြင်နေခဲ့တဲ့ ဂီတအဖွဲ့တစ်ဖွဲ့ကို ပြပါဆိုရင် တောင်ကိုရီးယားက K- Pop Boy Band တစ်ခုဖြစ်တဲ့ BTS ကို အရင်ဆုံး လက်ညှိုးထိုးပြရမှာ အမှန်ပါပဲ။ အဲဒီတော့ သူတို့အဖွဲ့ဟာ အာရှနိုင်ငံတွေက (အထူးသဖြင့်) နှုတ်ခမ်းနီမလေးတွေကိုသာမက အနောက်နိုင်ငံက အမျိုးသမီးလေးတွေကိုပါ ဆွဲဆောင်နိုင်ခဲ့တာကို ဘယ်သူမှ မငြင်းဆန်နိုင်တော့ဘူးပေါ့။

ပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးမှုကို အဲဒီလို ရရှိနေခဲ့တဲ့ BTS အဖွဲ့နဲ့ ပတ်သက်နေတဲ့ သတင်းကောင်းလေး တစ်ခုကိုလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာတုန်းက အင်တာနက် သတင်းစာမျက်နှာတွေပေါ်မှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းက တခြားတော့ မဟုတ်ပါဘူး။ BTS အဖွဲ့သားတွေရဲ့ ပုံတူအရုပ်ကလေးတွေကို မကြာခင်မှာ ထုတ်လုပ်ရောင်းချသွာတော့မယ်ဆိုတဲ့ သတင်းလေးပါပဲ။

 

 

တောက်ကိုရီးယားနိုင်ငံက လူချောလေး ၇ ယောက်ပါဝင်တဲ့ BTS အဖွဲ့သားတွေရဲ့ ပုံစံတူအရုပ်လေးတွေကို ထုတ်လုပ်ရောင်းချမှာကတော့ Mattel ကုမ္ပဏီကပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Mattel ကုမ္ပဏီဟာ အရုပ်မျိုးစုံကို အကြီးအကျယ် ထုတ်လုပ်ပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံတွေကို ဖြန့်ဖြူးရောင်းချနေခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အခြေစိုက်နေရာကတော့ အမေရိကားနိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာပဲ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Mattel ကုမ္ပဏီကြီးဟာ ဇန်နဝါရီလ ၆ ရက်နေ့တုန်းက အဲဒီသတင်းကောင်းကို သူတို့ရဲ့ Official Twitter စာမျက်နှာပေါ်မှာ ကြေငြာခဲ့တာပါ။ သူတို့ဟာ BTS နဲ့ အခုလိုလက်တွဲပြီး အလုပ်လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကို အဲဒီနေ့က ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ Toy & Game ပွဲတော်မှာလည်း တရားဝင် ကြေငြာခဲ့သေးတယ်လို့ သိရပါသေးတယ်။

 

 

Mattel ကုမ္ပဏီကြီးဟာ BTS အဖွဲ့သား ၇ ယောက်ရဲ့ ပုံစံတူအရုပ်ကလေးတွေကို လှပသေသပ်စွာ ထုတ်လုပ်ပြီးသွားတဲ့အခါမှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားအောင် သေချာဖြန့်ချိပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်တဲ့။ ပြီးတော့ Mattel ကုမ္ပဏီကြီးက ထုတ်လုပ်မယ့် BTS အဖွဲ့သားတွေရဲ့ အရုပ်လေးတွေဟာ ပြီးခဲ့တဲ့နှစ်က အသားကုန်ပေါက်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ Idol သီချင်းထဲက အဝတ်အစားဒီဇိုင်း ပုံစံလေးတွေနဲ့ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

“BTS ဟာ အခုနောက်ပိုင်း Pop ဂီတလိုင်းမှာ ထင်ရှားလာတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ မတူညီပေမယ့်လည်း သူတို့ရဲ့ အောင်မြင်မှုက ကြောက်စရာကောင်းလှပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့နဲ့အတူ လက်တွဲလုပ်ခွင့်ရလို့ ကုမ္ပဏီကထုတ်လုပ်တဲ့ အရုပ်လေးတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားကို သန်းနဲ့ချီပြီး ခြေဆန့်နိုင်တော့မှာပါ။ အဲဒီလို အခွင့်အရေးအသစ်ကို ရခဲ့တဲ့အတွက်လည်း ဝမ်းသာရပါတယ်”

 

 

Mattel က SVP နဲ့ Global Brand GM တစ်ယောက်ဖြစ်တဲ့ Sejal Shah Miller က မီဒီယာတွေကို အဲဒီလို ပြောခဲ့ပါသေးတယ်တဲ့။ ပြီးတော့ သူတို့ကုမ္ပဏီဟာ BTS အဖွဲ့နဲ့ လက်တွဲပြီး နောက်ထပ် အရုပ်သစ်လေးတွေကိုလည်း ဆက်ထုတ်လုပ်သွားဖို့ အစီအစဉ်တချို့ ရှိသေးတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့။ အခုလောလောဆယ်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ BTS အဖွဲ့ရဲ့ အမာခံ ပရိသတ်တွေဟာ ဒီသတင်းကောင်းကြောင့် စိတ်တွေအရမ်းလှုပ်ရှားနေကြပြီး၊ အရုပ်ကလေးတွေကို ၀ယ်သိမ်းနိုင်ကြဖို့အတွက် အသည်းအသန်တွေ ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *