Twitter ပေါ်မှာ ရင်ဖွင့်ခဲ့လေတဲ့ Christina Aguilera

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့တုန်းက Christina Aguilera ရဲ့ Liberation ဆိုတဲ့ album အသစ်ဟာ ထွက်ရှိခဲ့ပါတယ်။ သူမဟာ အဲဒီအခွေသစ်အတွက် Instagram ပေါ်မှာ တကယ်ဆွဲဆောင်အားပြင်းတဲ့ ခပ်လန်းလန်း ဓာတ်ပုံတွေနဲ့ ကြော်ငြာခဲ့တာကို တချို့တွေလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ (သူမပုံတွေကို ရိုက်ကူးပေးတဲ့ ဓာတ်ပုံဆရာရဲ့ Instagram မှာ တွေ့ရတဲ့ပုံတစ်ပုံဆိုရင် ရင်သားတစ်ဖက်ဖော်ထားတဲ့အထိ အလန်းလွန်နေခဲ့သေးတာပါ။)

အခွေထွက်ပြီးတဲ့ နောက်တစ်နေ့၊ ဇွန်လ ၁၆ ရက်နေ့မှာတော့ Christina ဟာ သူမရဲ Twitter ပေါ်မှာ ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ ရင်ဖွင့်စကားတွေ ပြောခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဗီဒီယိုလေးကို ကြည့်လိုက်ရသလောက် တွေးမိတာကို ပြောပြရမယ်ဆိုရင် Christina ဟာ ညစာစားပွဲတစ်ခုမှာ သူမရဲ့ အခွေသစ်နဲ့ပတ်သတ်လို့ ဝိုင်းဝန်းပေးခဲ့ကြသူ၊ ကျေးဇူးတင်ထိုက်သူ စတဲ့ တချို့တချို့တွေကို ရင်တွင်းစကားတွေ ပြောနေခဲ့တဲ့ ပုံစံမျိုးပါ။

“ဒီစီးပွားရေးကတော့ လည်ပင်းဖြတ်ခံရသလို အရမ်းခက်ခဲတာမျိုးပါ။ တကယ်တော့လေ… ကျွန်မကို ကာကွယ်ပေးနေကြတယ်လို့ ခံစားရမိတိုင်း ကျွန်မရင်ထဲမှာ သိပ်ငိုချင်မိတာပဲ။ ကျွန်မအပေါ်မှာ တကယ် သစ္စာရှိတဲ့သူတွေကို ကျွန်မ တကယ် မြတ်မြတ်နိုးနိုး ဖြစ်ရတယ်။ ကျွန်မ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ရှင်တို့အားလုံးကိုလည်း ကျွန်မ အရမ်းချစ်ရပါတယ်” ဆိုပြီး Christina ဟာ အဲဒီစကားတွေကို ပရိသတ်တွေကိုပါ ရည်ရွယ်တဲ့ပုံမျိုးနဲ့ စိတ်လှုပ်ရှားနေတဲ့ ဟန်ပန်တွေနဲ့ ပြောခဲ့တာပါ။

“ရှင်တို့ဘက်က ကျွန်မကိုပေးခဲ့ကြတဲ့ သစ္စာရှိမှုတွေနဲ့ ထောက်ပံ့အားပေးမှုတွေအတွက် ကျွန်မရင်ထဲမှာ တကယ့်ကို လေးစားမြတ်နိုးရပါတယ်။ အဲဒါကြောင့် ကျွန်မဟာ ရပ်တန့်မနေတော့ဘူး။ အရှိန်အဟုန်နဲ့ ဆက်သွားနိုင်အောင်လို့လည်း ထိန်းသိမ်းထားပါ့မယ်။ ပြီးတော့လည်း ကျွန်မဟာ အရမ်း ပျော်ရွှင်နေမိပါတယ်။ ဒီရက်သတ္တပတ်ဟာ ကျွန်မအတွက်တော့ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလှပါတယ်ရှင်။ ကျွန်မဟာ ဒီလိုတွေ လုပ်နိုင်ဖို့အတွက်ပဲ မွေးဖွားလာခဲ့ရတာပါပဲ”

အဲဒီစကားလုံးတွေကို မျက်ရည်တွေလည်ပြီး ဆက်ပြောခဲ့တဲ့ Christina ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာတုန်းကလည်း Twitter နဲ့ Instagram နှစ်နေရာလုံးမှာ ပုံလေးတစ်ပုံကို ပြိုင်တူတင်ပြီး… “ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့နဲ့ အသက်ရှူနေဖို့ကို မေ့မနေပါနဲ့ ” ဆိုတဲ့ Caption လေးတွေ ထိုးခဲ့ပါသေးတယ်။

Don’t forget to exhale & love yourself ♥?☁

A post shared by Christina Aguilera (@xtina) on

ပုံလေးတွေထဲမှာတော့ အသက် ၃၇ နှစ်ရှိပြီဖြစ်သလို ကလေးနှစ်ယောက်ရဲ့ အမေလည်းဖြစ်နေတဲ့ Christina ဟာ ရေချိုးကန်ထဲမှာ သက်သောင့်သက်သာ ဟန်ပန်မျိုးနဲ့ ခပ်လန်းလန်းပုံစံ ရှိနေခဲ့လေတာ မြင်ကြရတဲ့အတိုင်းပါပဲ။ အဲဒီပုံတင်တာကိုလည်း သူမရဲ့ပရိသတ်တော်တော်များများက အခွေသစ်အတွက် ပရိုမိုးရှင်းလုပ်တယ်ပဲ ထင်နေကြတာကို တွေ့ရပါတယ်။

အခုလိုမျိုး Twitter ပေါ်မှာ ရင်ဖွင့်ဟန်ရှိခဲ့လေတဲ့ Christina ဟာ ၁၉၉၉ ခုနှစ်တုန်းက ပထမဦးဆုံး ထွက်ခဲ့တဲ့အခွေထဲက Genie In A Bottle ဆိုတဲ့ သီချင်းနဲ့ စတင်ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဂရမ်မီဆုနဲ့ ဂီတဆိုင်ရာ ဆုများစွာရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ အခုထွက်တဲ့ “Liberation” album အသစ်ကတော့ သူမရဲ့ ရှစ်ခုမြောက် စတူဒီယို album ပဲဖြစ်ပြီး ဒီ album အသစ်အတွက် ခြောက်နှစ်လောက် အချိန်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။        ။

Leave a Reply

Your email address will not be published. Required fields are marked *