Whitney Houston ရဲ့အကြောင်း… တစ်စေ့တစောင်း…

အခုရက်ပိုင်းအတွင်း Whitney Houston ရဲ့အကြောင်းပါတဲ့ ဗီဒီယိုဖိုင်လေးတွေကို အွန်လိုင်းပေါ်မှာ ပြန်တွေ့နေရပါတယ်။

တကယ်တော့ သီချင်းတွေအကြောင်း၊ အဆိုတော်တွေအကြောင်းကို ပြောကြမယ်ဆိုရင် Whitney ဆိုတာဟာ တစ်ကမ္ဘာလုံးက သီချင်းချစ်သူတွေရဲ့ရင်ထဲမှာ မေ့ချန်ထားလို့မရတဲ့ စာမျက်နှာ လှလှလေးတစ်ခုဆိုရင် မမှားပါဘူး။ ပြောရမယ်ဆိုရင် သူမရဲ့အသံဟာ သိပ်ကောင်းသလို အောင်လည်း အောင်လွန်းလှပါတယ်။ သီချင်းဆိုတဲ့နေရာမှာလည်း အသံကို သပ်ရပ်လှပစွာနဲ့ ဆွဲဆွဲငင်ငင် တုန်တုန်ခိုက်ခိုက်လုပ်လို့ နိမ့်မြင့်တက်ကျ စတဲ့ နည်းမျိုးစုံသုံးရင်း ပိုင်နိုင်စွာ သီဆိုတတ်ပါသေးတယ်။ အဲဒါကြောင့် တစ်ကမ္ဘာလုံးက တစ်ခဲနက် အားပေးခဲ့ကြရတဲ့အထိ အင်မတန် အောင်မြင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ အမေရိကန်လူမည်းအဆိုတော် အမျိုးသမီး တစ်ယောက်ဖြစ်ခဲ့ရတာပါ။

Whitney ဟာ ၁၉၈၅ ခုနှစ်မှာ ပွဲဦးထွက် album ထွက်ခဲ့ပြီး အဲဒီ ပွဲဦးထွက် album ဟာ တအားရောင်းရခဲ့လို့ သမိုင်းတွင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်တစ်ယောက်ပါ။  ပြီးတော့ သူမဟာ အချိန်တိုင်းလိုလိုမှာ သီချင်း album ရောင်းအားအကောင်းဆုံး အဆိုတော်တွေရဲ့ စာရင်းထဲမှာ အမြဲပါ၀င်ခဲ့ပါတယ်။ သူမရဲ့ ဓာတ်ပြားတွေဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ သန်းနှစ်ရာလောက် ရောင်းရခဲ့တယ်လို့လည်း သိရပါတယ်။ သူမဟာ studio album ခုနှစ်ခုနဲ့ soundtrack album နှစ်ခု ထွက်ရှိခဲ့သလို သူမရဲ့ album တွေဟာ Billboard, Rolling Stone စတဲ့နေရာတွေမှာ အကြီးအကျယ်နေရာရခဲ့ဖူးတဲ့အပြင် စိန်၊ ရွှေ၊ ပလက်တီနမ် စတဲ့ ဆုတံဆိပ် အမျိုးမျိုးကိုလည်း ရရှိခဲ့ပါတယ်။

သီချင်းဆိုတဲ့ဘက်မှာ အဲဒီလိုထူးချွန်ခဲ့တဲ့ Whitney ဟာ တခြားနေရာတွေမှာလည်း မညံ့ခဲ့ပါဘူး။ မော်ဒယ်လ်နဲ့ ပရိုဂျူဆာတွေအဖြစ် အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့သလို သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ်နဲ့ ရုပ်ရှင်လည်း ရိုက်ခဲ့ပါသေးတယ်။ သူမရိုက်ကူးခဲ့သမျှထဲမှာ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားကတော့  ၁၉၉၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ The Bodyguard ဆိုတဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။ ရုပ်ရှင်ဇာတ်ကားထဲမှာ Whitney နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသားကလည်း ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ Kevin Costner ပါ။

Source: IMDb

Lawrence Kasdan ရေးတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Mike Jackson ရိုက်ကူးခဲ့တဲ့ အဲဒီ The Bodyguard ဆိုတဲ့ ရုပ်ရှင်ဟာ Romance အမျိုးအစားဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်နေခဲ့သေးတာပါ။ Budget ၂၅ သန်းနဲ့ ရိုက်ကူးခဲ့ပေမယ့် ၄၁၁ သန်း ပြန်ဝင်တယ်လို့ သိခဲ့ရပါတယ်။

အဲဒီကားထဲမှာ သရုပ်ဆောင်ရင်း သူမကိုယ်တိုင်သီဆိုထားခဲ့တဲ့ I will always love you ဆိုတဲ့သီချင်းလေးကလည်း တစ်ကမ္ဘာလုံးမှာ ရေပန်းစားခဲ့ဖူးသလို မြန်မာပြည်မှာတောင်မှ အဆိုတော်တချို့က ကော်ပီလုပ်လို့ ပြန်ဆိုခဲ့ကြဖူးပါတယ်။

Whitney ဟာ သူမရဲ့ဇာတ်ကား အကြီးအကျယ်အောင်မြင်တဲ့နှစ်ဖြစ်တဲ့ ၁၉၉၂ ခုနှစ်မှာပဲ Dancer တစ်ယောက်ဖြစ်သလို အဆိုတော်လည်းဖြစ်တဲ့ Bobby Brown နဲ့ လက်ထပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် မတ်လ ၄ ရက်နေ့မှာတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ Bobbi Christina Brown ကို မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်သက် ဆယ့်ငါးနှစ်လောက်ကြာလာတဲ့နောက်ပိုင်းမှာ အဆင်မပြေဖြစ်ကြပြီး ၂၀၀၇ ခုနှစ်မှာ ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့ကြပြန်ပါတယ်။

သမီးဖြစ်တဲ့ Bobbi Christina Brown ဟာ မိဘနှစ်ပါးရဲ့သွေး အပြည့်ပါခဲ့တာကြောင့် အရွယ်ရောက်လာတဲ့အချိန်မှာ အဆိုတော်၊ သရုပ်ဆောင် စတဲ့ အလုပ်တွေကို လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမဟာ အနုပညာအလုပ်တွေကို အကြာကြီး လုပ်ခွင့် မရလိုက်ရှာပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ Bobbi Christina Brown ဟာ သူမအိမ်ရဲ့ ရေချိုးခန်းထဲက ရေချိုးကြွေဇလားထဲမှာ ရေထဲကို မျက်နှာစိုက်ကျရင်း မေ့မျောနေခဲ့လေတယ်တဲ့။ အဲဒီအခြေအနေကို သူမရဲ့ ချစ်သူရည်စားဖြစ်တဲ့ Gordon နဲ့ သူငယ်ချင်းတွေက တွေ့သွားပြီး ဆေးရုံကို အမြန်ပို့ခဲ့ကြပေမယ့် သူမဟာ ပြန်ကောင်းမလာတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာ သူမဟာ ရက်ကြောရှည်ကြာ မေ့မျောနေခဲ့ပြီးတဲ့နောက် ခြောက်လအကြာဖြစ်တဲ့ ၂၀၁၅ ဇူလိုင်လ ၂၆ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သက်ဆိုးမရှည်ရှာဘူးပေါ့။ သူမသေဆုံးချိန်မှာ အသက်က ၂၂ နှစ် အရွယ်လောက်သာ ရှိသေးတာကိုး။

ငယ်ရွယ်နုနယ်သေးတဲ့ တစ်ဦးတည်းသော သမီးလေးရဲ့ စျာပနကို Whitney သာ တက်ရောက်ခွင့်ရခဲ့မယ်ဆိုရင် သောကမီးနဲ့ ကြေကွဲဝမ်းနည်းမှုတွေရဲ့ ဖိစီးထိုးနှက်ချက်ဒဏ်တွေကြောင့် နေရာမှာတင် ပုံလဲကျသွားနိုင်တာမျိုးပါ။ ဒါပေမဲ့ Whitney ဟာ သူ့သမီးလေးရဲ့ စျာပနကို တက်ရောက်ခွင့်ရှိဖို့နေနေသာသာ သူ့သမီးလေး ဆုံးပါးသွားကြောင်းကိုတောင် သိခွင့်ရမသွားရှာပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Whitney ဟာ ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လောကကြီးထဲကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီးသား ဖြစ်လို့ပါပဲ။

Whitney Houston performing “My Love Is Your Love” with her daughter Bobbi Kristina Brown on Good Morning America

တကယ်တော့ Whitney နဲ့ Bobbi Christina Brown တို့ သားအမိနှစ်ယောက်ရဲ့ ဘဝနိဂုံးအဆုံးသတ်ပုံဟာ တူသယောင် ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Whitney ဟာ California မှာရှိတဲ့ သူမရဲ့ guest room ထဲက ရေချိုးကြွေဇလားထဲမှာ နှလုံးရောဂါကြောင့်လားမပြောတတ်ဘဲ ရေတိမ်နစ်ရင်း ဆုံးပါးသွားခဲ့ရလို့ပါပဲ။ ဟုတ်တယ်၊ Whitney သေဆုံးပြီး သုံးနှစ်ကြာမှ ဆုံးပါးရပြန်တဲ့ Bobbi Christina Brown ဟာလည်း ရေချိုးကြွေဇလားထဲ ခေါင်းငိုက်စိုက်ကျလို့မေ့မျောရင်း နှစ်ဝက်လောက် Coma ၀င်ကာ ပြန်ကောင်းမလာတော့တာဘဲ မဟုတ်လားလေ။

ရေတိမ်နစ်ရင်း Whitney ဆုံးပါးသွားရတာဟာ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ ကိုကင်းတွေ သုံးစွဲထားလို့ဆိုပြီးတော့လည်း တချို့တွေက ဆိုကြပြန်ပါသေးတယ်။

သေဆုံးချိန်မှာ အသက် ၄၈ နှစ်ပဲ ရှိသေးတဲ့ Whitney ဟာ မသေဆုံးခင်အချိန်အထိ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ သူမသာ နေနိုင်မယ်ဆိုရင် နှစ်တွေအများကြီး နေလို့ရသေးတာမို့ သူမရဲ့ သေဆုံးမှုကို တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းပေါင်းများစွာသော သူမရဲ့ ပရိသတ်တွေဟာ နှမြောတသဖြစ်ကာ ၀မ်းနည်း ကြေကွဲခဲ့ကြရပါတယ်။

****

ဘာပဲဖြစ်ဖြစ်ပေါ့လေ။

အခုတော့လည်း အင်မတန် တေးချင်းဆိုကောင်းလှတဲ့ တေးသီငှက်ကလေး Whitney ဟာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံဆီကို အပြီးအပိုင် ပြန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့ သန်းပေါင်းများစွာသော သီချင်းချစ်သူတွေရဲ့ နှလုံးသားထောင့်တစ်နေရာစီမှာ သူမရဲ့ ရုပ်ပုံလွှာလေးတွေနဲ့ သီချင်းလေးတွေဟာ အခုချိန်ထိတိုင် ဖျောက်ဖျက်မရအောင် စွဲထင်နေဆဲပါလို့ ဆိုခဲ့မယ်ဆိုရင်လည်း မှားနိုင်လိမ့်မယ် မထင်မိပါဘူး။

ပြီးတော့ သူမနောက်ပိုင်းမှ သူမရဲ့ခြေရာကိုနင်းပြီး အနုပညာရှင်၊ အဆိုတော် စတာတွေ ဖြစ်လာကြတဲ့ African – American လူမည်းအမျိုးသမီး Artist တွေရဲ့အပေါ်မှာ Whitney ရဲ့ သြဇာလွှမ်းမိုးမှု အရိပ်အယောင်တွေ ရှိနေခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ ငြင်းဆန်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။

 

Ref: www.whitneyhouston.com, Wikipedia.

Leave a Reply

Your email address will not be published. Required fields are marked *