အောင်မြင်ကျော်ကြားမှုရဲ့ နောက်ကွယ်က Avicii : True Stories

April 20 ရက်နေ့မှာ DJ Avicii ကွယ်လွန်သွားခဲ့တာကြောင့် ကမ္ဘာတဝှန်းကသူ့ရဲ့ပရိသတ်တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ Avicii ဟာ အသက် ၂၈နှစ်သာရှိသေးပြီး အောင်မြင်မှုအထွတ်အထိပ်ကိုရောက်ရှိနေချိန်မှာ ကွယ်လွန်ခဲ့တာမို့လို့ သိပ်ကိုနှမျောစရာကောင်းပါတယ်။

Avicii ရဲ့ နာမည်အရင်းကတော့ Tim Bergling ဖြစ်ပြီး ဆွီဒင်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ သူဟာ အသက် ၁၆နှစ်လောက်ကတည်းက သူဖန်တီးထားတဲ့ EDM (Electronic Dance Music) တွေကြောင့် လူသိများလာတဲ့သူဖြစ်ပါတယ်။ အနုပညာလောကထဲစဝင်တော့ သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ Tim Bergling ဟာတခြားလူရဲ့နာမည်နဲ့တူနေတာကြောင့် Avicii ဆိုတဲ့နာမည်ကိုယူခဲ့ပါတယ်။ Avicii ဟာ ၂၀၁၁ခုနှစ်မှာ released လုပ်ခဲ့တဲ့သူ့သီချင်း “Levels” နဲ့ စတင်အောင်မြင်ကျော်ကြားခဲ့ပြီး ၂၀၁၃ခုနှစ်မှာ released လုပ်ခဲ့တဲ့ “Wake me up” ကတော့ Avicii ကို အောင်မြင်မှု အထွတ်အထိပ်ကို တွန်းပို့ခဲ့တဲ့ သီချင်းပဲဖြစ်ပါတယ်။

နိုင်ငံတကာက music festival တွေနဲ့ EDM ပွဲအကြီးစားတွေဖြစ်တဲ့ EDC Las Vegas, EDC London, Tomorrowland, Creamfields, Electric Zoo နဲ့ iTunes Festival စတဲ့ပွဲတွေမှာ မပါမဖြစ်ဖိတ်ခေါ်ခံခဲ့ရတဲ့ DJ တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သူ့ album တော်တော်များများဟာလည်း စံချိန်တွေချိုးခဲ့ပြီး Chart တွေမှာ နံပါတ်တွေချိတ်ခဲ့ပါသေးတယ်။ အောင်မြင်နေဆဲအသက် ၂၆ နှစ်မှာ Avicii ဟာ ကျန်းမာရေးကြောင့်နဲ့ အောင်မြင်မှုရဲ့ဖိအားတွေကြောင့် အနုပညာလောက(Live performance) ကနေ  အနားယူတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို သူ့ရဲ့ social media account ကနေအသိပေးခဲ့ဖူးပါတယ်။

Avicii ရဲ့ အနုပညာတွေနဲ့ အောင်မြင်မှုတွေကို လူသိများပေမယ့် သူဟာ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုစိတ်ဖိစီးမှုတွေရှိခဲ့ပြီး ဘယ်လိုရုန်းကန်ကြိုးစားခဲ့ရတယ်ဆိုတာကို ရိုက်ကူးထားတဲ့ Avicii : True Stories ဆိုတဲ့ Documentary တစ်ခုထုတ်ခဲ့ဖူးတယ်ဆိုတာကိုတော့ မြန်မာပြည်ကပရိသတ်တွေအနေနဲ့ သိပ်မသိကြဘူးလို့ထင်ပါတယ်။ ဒီ True Stories ဆိုတဲ့ Documentary ထဲမှာ Avicii အပါအဝင်  Chris Martin, Nile Rodgers, David Guetta နဲ့ Wyclef Jean တို့လဲပါဝင်ထားပြီး သူ့ရဲ့ အောင်မြင်မှု အတက်အကျတွေနဲ့ ဘယ်လိုကျန်းမာရေးပြဿနာတွေခံစားခဲ့ရတယ်ဆိုတာတွေကို သူ့ရဲ့ သူငယ်ချင်းတဖြစ်လဲ ဒါရိုက်တာ Tsikurishvili ကရိုက်ကူးထားပေးခဲ့ပါတယ်။

“လူတွေက Avicii ဘယ်သူလဲဆိုတာသိကြပေမယ့် Tim ဘယ်သူလဲဆိုတာကိုတော့ သိတဲ့သူ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့လို့ အောင်မြင်နေတဲ့ Avicii အကြောင်းသာမက တကယ့်လက်တွေ့ဘဝထဲက Tim ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို အရှိကိုအရှိအတိုင်းရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုကိုရိုက်ပြချင်ခဲ့တာပါ”

– လို့ True Stories ရဲ့ ဒါရိုက်တာ Tsikurishvili ကပြောပြခဲ့ပါတယ်။

“ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ရတာဟာ Instagram ပေါ်မှာမြင်တွေ့နေရသလိုမျိုး မလွယ်ကူလှပါဘူး”

– လို့လဲ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ဒီ documentary ကို ၂၀၁၇ခုနှစ်အောက်တိုဘာမှာ released လုပ်ခဲ့ပြီး Lithuania, Netherlands, Sweden, Finland နဲ့ France နိုင်ငံတို့မှာပြသခဲ့ပါတယ်။ Netflix ဟာ ၂၀၁၈ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ True Stories ကို သူတို့ site မှာ စတင်ပြသခဲ့ပေမယ့် Avicii ကွယ်လွန်တဲ့နေ့မှာပဲ site ပေါ်ကနေပြန်ပြီး ဖြုတ်ချခဲ့ပါတယ်။

တကယ်လို့ သင်ဟာ EDM fan တစ်ယောက်ဖြစ်တဲ့အပြင် Avicii ရဲ့ Die hard fan တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့  Avicii : True Stories ဆိုတဲ့ documentary ကိုကြည့်ထားသင့်တယ်လို့ညွှန်းချင်ပါတယ်။ ဒီ documentary ထဲမှာ Avicii နောက်ဆုံး live ဖျော်ဖြေခဲ့တဲ့ video ပါ ပါဝင်တာမို့လို့ EDM fan တစ်ယောက်အတွက်တော့ ကြည့်ရတာ အရှုံးမရှိဘူးလို့ထင်ပါတယ်။

သူကွယ်လွန်ပြီးရက်ပိုင်းအတွင်းမှာပဲ US မှာ သူ့ရဲ့ သီချင်းရောင်းအားဟာ အဆ ၆၀၀၀ရာခိုင်နှုန်းထိုးတက်သွားခဲ့တယ်လို့ Billboard ရဲ့ထုတ်ပြန်ချက်သတင်းအရသိရပါတယ်။ Avicii ဟာ ၂၀၁၈ခုနှစ် Billboard Music Awards အတွက် Top Dance/Electronic Album အတွက် သူ့ရဲ့ Avici 01 album အတွက် ဆန်ခါတင်စာရင်းဝင်ထားပါသေးတယ်။

စိတ်ရောကိုယ်ပါကြိုစားခဲ့တဲ့ Avicii တစ်ယောက် ကွယ်လွန်ပြီးနောက်လဲ အနုပညာကျောက်တိုင်သစ်နောက်တစ်ခုအဖြစ် Billboard Music Awards ကိုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ငြိမ်းချမ်းပါစေ Avicii ရေ……….

Leave a Reply

Your email address will not be published. Required fields are marked *