2018 World Tour ကို ကြိုဆိုတဲ့အနေနဲ့ သီချင်းအသစ်ကို မိတ်ဆက်ထုတ်လွှင့်ခဲ့တဲ့ Babymetal

ဂျပန် Metal အဖွဲ့ဖြစ်တဲ့ Babymetal ဟာ ဒီရက်ပိုင်းမှာ Distortion ဆိုတဲ့ သီချင်းဗီဒီယိုတစ်ခုကို မိတ်ဆက်ထုတ်ဝေခဲ့ပါပြီ။ သူတို့ရဲ့ သီချင်းအသစ်တွေကို တောင့်တနေတဲ့ fan တွေလည်း အလွန်ကျေနပ်နေကြပြီး ဒါဟာ နောက်ထပ်သီချင်းသစ်တွေ ထုတ်ဝေဖို့ အစတစ်ခုအနေနဲ့လည်း မျှော်လင့်နေကြပါတယ်။

Disortion ဟာဆိုရင် လူတွေထုတ်ဖော်မပြတဲ့ အမှောင်ဘက်ကို ပိုသက်ရောက်တဲ့ သီချင်းပါ။ လူတွေဟာ အလင်းဘက်နဲ့ပဲ familiar ဖြစ်ကြပေမယ့် ဒီသီချင်းကတော့ လူတွေမသိကြသေးတဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ရေးစပ်ထားတဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး ဇာတ်လမ်းသစ်တစ်ပုဒ်ရဲ့ အစလို့လည်းသတ်မှတ်နိုင်ပါတယ်။ May 8 ရက်နေ့ကနေစပြီးတော့ Europe ဘက်မှာ ဖျော်ဖြေတင်ဆက်မယ့် Babymetal ဟာ ဒီ Disortion ဆိုတဲ့ သီချင်းကိုလည်း live ဖျော်ဖြေဖို့ အားလုံးစောင့်မျှော်နေကြပါတယ်။ ဒါဆို Babymetal ဆိုတာ ဘယ်လို Band မျိုးပါလိမ့်။

Babymetal ဟာ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းတဲ့ Japan မိန်းကလေး ၃ ယောက်နဲ့ဖွဲ့စည်းထားတဲ့ Heavy Metal အမျိုးအစား band အဖွဲ့ပါ။ Metal လို့သာ ခေါင်းစဉ်တပ်ထားပေမယ့် သူတို့သီဆိုတဲ့သီချင်းတွေက ‘Kawaii Metal’ လို့ သူတို့နာမည်ပေးထားတဲ့ Heavy Metal နဲ့ ဂျပန် Idol သီချင်းအမျိုးအစား ၂ ခုကို ရောသမမွှေထားတဲ့ sub-genre ဖြစ်ပါတယ်။ Band အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ Metal သံစဉ်တွေကို ချစ်ဖို့ကောင်းတဲ့ အသံ၊ ကကွက်တွေနဲ့ပေါင်းစပ်ပြီး Metal ဂီတကို တစ်ဖန် ဆန်းသစ်စေဖို့ပါ။

အဖွဲ့ဝင် မိန်းကလေး ၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး သူတို့လေးတွေရဲ့နာမည်တွေကတော့ Nakamoto Suzuka (Su Metal) ၂၀ နှစ်, Mizono Yui (Yui metal) ၁၈ နှစ်, Kikuchi Moa (Moa metal) ၁၈ နှစ် တို့ပါပဲ။ နောက်ခံ metal သံစဉ်တွေကိုတော့ ‘Kami’ ဆိုတဲ့ rock band အဖွဲ့က တီးခတ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး album ကို ၂၀၁၄ ခုနှစ်ရဲ့ ဖေဖော်ဝါရီ ၁၄ မှာ စတင်ထုတ်ဝေခဲ့ပြီး ဒုတိယမြောက် ‘Metal Resistance’ ဆိုတဲ့ album ကိုတော ၂၀၁၆ ခုနှစ်ရဲ့ ဧပြီ ၁ ရက်နေ့မှာ တကမ္ဘာလုံးအနှံ့ ထုတ်ဝေခဲ့ပါတယ်။

သူတို့ရဲ့ ပထမဆုံးသီချင်း ဖြစ်တဲ့ “Doki Doki Morning” ကို 2011 ဧပြီလမှာ ထုတ်ဝေခဲ့ပြီး ထိုလမှာပဲ Youtube မှာတင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၁ သန်းရှိတဲ့အထိ လူတွေရဲ့ စိတ်ဝင်စားမှုကိုရှိခဲ့ပါတယ်။ ထို့နောက် “Headbankeeeerrrrr!!!!” ဆိုတဲ့ သီချင်းဟာလည်း Weekly Indie Chart ရဲ့ တတိယမြောက်နေရာကို ရောက်ရှိခဲ့ပါတယ်။ Band အဖွဲ့ဟာ ကမ္ဘာအနှံ့ဖျော်ဖြေမှုတွေလုပ်ခဲ့ပြီး ၂၀၁၃ ခုနစ်မှာ “Ijime, Dame, Zettai” (No More Bullying) ဆိုတဲ့ single ဟာ ပထမဆုံးအပတ်မှာပဲ အချပ်ရေ ၁၉၀၀၀ လောက်ရောင်းချခဲ့ရပြီး Oricon Weekly Single Chart မှာ နံပါတ် ၆ နေရာရှိခဲ့ပြန်ပါတယ်။

ယခုအချိန်ထိ ကမ္ဘာအနှံမှာဖျော်ဖြေတင်ဆက်မှုတွေလုပ်နေပြီးတော့ အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ Babymetal အဖွဲ့ဟာ တမူထူးခြားတဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ကြည့်ရှု နားဆင်နေသူတွေကို စိတ်ဓာတ်ခွန်အားတွေပေးနေခဲ့တာဟာ အခုဆို ၈ နှစ်ရှိခဲ့ပြီး ဆက်လက်အောင်မြင်နေဆဲပါ။ စာဖတ်သူတွေလည်း ဒီအဖွဲ့ရဲ့ ထူးခြားတဲ့တင်ဆက်မှုတွေကိုကြည့်ရှုနားဆင်ရင်း စိတ်ဓာတ်ခွန်အားတွေ ရယူလိုက်ကြပါ…

Leave a Reply

Your email address will not be published. Required fields are marked *