မြန်မာ့ဂုဏ်ဆောင်တော့မယ့် BigBag

ဖေဖော်ဝါရီ ၁၁ ကတော့ မြန်မာ့ဂီတလောကအတွက် မှတ်ကျောက်တင်ရမယ့်နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ကမ္ဘာကျော် ဂန္ဓဝင် Rock Band တစ်ခုဖြစ်တဲ့ Queen ရဲ့ မန်နေဂျာဖြစ်သူ Jim Beach က ကျွန်တော်တို့ရဲ့အချစ်တော် BigBag အဖွဲ့ကို သူ့ရဲ့ project အသစ်တစ်ခုမှာ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာခဲ့တဲ့အတွက် ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို BigBag အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဟန်ထူးလွင် (ကျားပေါက်) က သူ့ရဲ့ facebook စာမျက်နှာကနေတစ်ဆင့် ဝမ်းသားအားရနဲ့ ဝေမျှခဲ့ခြင်းဖြစ်ပါတယ်။ Beach ဟာ သူ့ရဲ့ project အသစ်တစ်ခုဖြစ်တဲ့ “NewYork City” မှာ ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေ တစ်နိုင်ငံတစ်ပုဒ်ဖန်တီးပါဝင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် BigBag အဖွဲ့ကို ရွေးချယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ လောလောဆယ်အချိန်မှာတော့ အာရှဖက်ကနေဆိုရင် မြန်မာနဲ့ဂျပန် ၂ နိုင်ငံပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ကိုဟန်ထူးလွင်ကတော့ သူ့အနေနဲ့ ဒီကမ်းလှမ်းချက်ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့လက်ခံခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် Queen အဖွဲ့ရဲ့ Lead Guitarist ဖြစ်သူ Brian May အတွက် BigBag အဖွဲ့ရဲ့ Album တွေထည့်ပေးလိုက်ပြီး “Dear Sir Brian May, We’ve never met yet you taught me everything” ဆိုတဲ့ message လေးပါ လက်ရေးနဲ့ရေးသား ထည့်သွင်းပေးလိုက်တယ်လို့ဆိုပါတယ်။ ကိုဟန်ထူးလွင်ကတော့ သူ့ရဲ့ idol ဖြစ်သူဆီ ဒီလိုပေးပို့ခွင့်ရခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်နေတယ်ဆိုတာ သူ့ရဲ့ post ကိုဖတ်ကြည့်လိုက်ရုံနဲ့ သိသာပါတယ်။

ဒါ့အပြင် ဒီသတင်းအပေါ် BigBag ရဲ့ပရိသတ်တွေကပါ အကြီးအကျယ် ဝမ်းသာပေးနေကြတာကို comment တွေမှာ ဖတ်ရှုကြည့်နိုင်ပါတယ်။ Myanmar Groove အနေနဲ့လည်း မြန်မာ့ဂီတကို ဒီလိုအသိအမှတ်ပြုခြင်းခံရတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ BigBag အဖွဲ့ရဲ့ ဒီ project အဆင်ပြေပြေနဲ့ အကောင်အထည်ပေါ်လာဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသလို ဒီ project ကိုခြေကုပ်ယူပြီး နိုင်ငံတကာကို ဆက်လက်ထိုးဖောက်နိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *