K- Pop အဖွဲ့တွေကြားမှာ ထိပ်တန်းဖြစ်လာတဲ့ BLACKPINK ရဲ့ Ddu-Du Ddu- Du

BLACKPINK အဖွဲ့ဆိုတာဟာ အခုနှစ်တွေအတွင်း တောင်ကောင်ကိုရီးယား Girl Band တွေထဲက အရမ်းအောင်မြင်နေခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဆိုတာကို K- Pop ချစ်သူတွေအားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာတုန်းကလည်း BLACKPINK အဖွဲ့သူတွေဟာ သိပ်မကြာခင်မှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေဟာ အရမ်းတွေ ၀မ်းသာခဲ့ကြရသေးတာပါ။

 

 

ဒီရက်ပိုင်းထဲမှာလည်း BLACKPINK အဖွဲ့နဲ့ အဓိက ပတ်သက်နေခဲ့တဲ့ သတင်းကောင်းလေးတစ်ခုဟာ အင်တာနက် စာမျက်နှာတွေပေါ်ကို ရောက်ရှိလာခဲ့ပြန်တာကို တွေ့ရပြန်ပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ You Tube ပေါ်က သူတို့အဖွဲ့ရဲ့ Ddu-Du Ddu- Du ဆိုတဲ့ သီချင်း Music Video လေးဟာ K- Pop အဖွဲ့တွေကြားမှာ လူကြည့်အများဆုံး MV လေး ဖြစ်လာခဲ့ပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

BLACKPINK အနုပညာလှုပ်ရှားမှုတွေကို စီမံခန့်ခွဲပေးနေတဲ့ YG Entertainment ဟာ Ddu-Du Ddu- Du သီချင်းလေးကို ၂၀၁၈ ဇွန်လ ၁၅ ရက်နေ့ကတည်းက You Tube ပေါ်မှာ တင်ခဲ့တာပါ။ ငယ်ရွယ်ချောမောလှပတဲ့ အဖွဲ့သူ ၄ ယောက်ရဲ့ စွဲမက်ဖွယ်ရာ သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ အဲဒီ MV လေးဟာ အခုဆိုရင် ကြည့်သူအရေအတွက် ၆၃၂ သန်းတောင် ကျော်နေခဲ့ပြီဖြစ်တာကို တွေ့ရပါတယ်။

 

 

You Tube က ပြောရေးဆိုခွင့်ရှိတဲ့ တာဝန်ခံရဲ့ စကားအရ Ddu-Du Ddu- Du သီချင်းရဲ့ Music Video ဟာ K- Pop အဖွဲ့တွေထဲမှာ လူကြည့်အများဆုံး MV တစ်ပုဒ် ဖြစ်လာခဲ့ပါပြီတဲ့။ ပြီးတော့ Ddu-Du Ddu- Du သီချင်းလေးဟာ Billboard က Hot 100 သီချင်းစာရင်းမှာလည်း နံပါတ် ၅၀ ၀န်းကျင်မှာ ရှိနေခဲ့သေးတယ်လို့ ဆိုကြပါတယ်။ ဒုတိယ ကြည့်သူ အများဆုံး MV ကတော့ K- Pop လောကထဲက Boy Band တွေထဲမှာ Top ဖြစ်နေတဲ့ BTS အဖွဲ့ရဲ့ DNA သီချင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ သီချင်းကတော့ ကြည့်သူ ၆၂၀ သန်းလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Lisa, Jisoo, Rose’ နဲ့ Jennie ဆိုတဲ့ မိန်းမချောလေး ၄ ယောက်တို့ရဲ့ BLACKPINK အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ စတင် ပေါ်ပေါက်လာခဲ့ကြတာပါ။ သူတို့ဟာ ၂၀၁၆ သြဂုတ်လ ၈ ရက်နေ့မှာ ပထမဦးဆုံး ပွဲဦးထွက်အဖြစ် Whistle ဆိုတဲ့ သီချင်းလေးကို Single အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်သလို၊ အဲဒီသီချင်းလေးနဲ့ပဲ ကိုရီးယားတစ်ခွင်မှာ လျှမ်းလျှမ်းတောက် အောင်မြင်သွားခဲ့ကြတော့တာပဲ ဖြစ်ပါတယ်။

အနုပညာသက်တမ်း တိုတိုလေးအတွင်းမှာ ဆုအမျိုးမျိုးအတွက် ဇကာတင်စာရင်းတွေမှာ အကြိမ် ၉၀ တောင် ပါ၀င်ခဲ့ရသလို၊ ၂၃ ကြိမ်တိတိ ဆုတွေ ရရှိခဲ့ပြီးပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ အခုလည်း K- Pop လောကမှာ အောင်မြင်မှု သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေကတော့ အရမ်းဝမ်းသာနေခဲ့ကြတာကို တွေ့နေခဲ့ရတာ အမှန်ပဲ ဖြစ်ပါတယ်။ ။

စာကြွင်း – Psy ရဲ့ Gangnam Style သီချင်း MV ကတော့ တောင်ကိုရီးယားက တစ်ကိုယ်တော်အဆိုတော်တွေထဲမှာ အခုထိ ထိပ်ဆုံးမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ကြည့်သူ အရေအတွက်ကတော့ 3.2 Billion ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *