ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မယ့် BLACKPINK

တောင်ကိုရီးယားက နာမည်ကျော် မိန်းကလေး K – Pop အဖွဲ့တွေထဲမှာ ထိပ်ဆုံးရောက်နေဆဲဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့ ပရိသတ်တွေအတွက် နှစ်သစ်မှာ သတင်းကောင်းတွေ ယူလာခဲ့ပါပြီ။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ သိပ်မကြာခင် ကာလအတွင်းမှာ သူတို့တွေဟာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေကျင်းပရင်း သူတို့ရဲ့ ပရိသတ်တွေ ရှိရာဆီကို အရောက်လာကြတော့မယ်ဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စီမံခန့်ခွဲပေးနေတဲ့ YG Entertainment ဟာ Twitter ပေါ်က သူတို့ရဲ့ တရားဝင် စာမျက်နှာကနေတစ်ဆင့် ဒီသတင်းကောင်းလေးကို ကြေညာခဲ့တာပါ။ BLACKPINK အဖွဲ့ဟာ ဒီ ၂၀၁၉ ခုနှစ်ထဲမှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်တဲ့။ (မြန်မာပြည်တော့ ထုံးစံအတိုင်း မပါပြန်ပါဘူး။ 🙁

 

 

Lisa, Jisoo, Rose’ နဲ့ Jennie ဆိုတဲ့ မိန်းမချောလေး ၄ ယောက်တို့ရဲ့ BLACKPINK အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ စတင် ပေါ်ပေါက်လာခဲ့ကြတာပါ။ ပြီးတော့ သူတို့ဟာ ၂၀၁၆ သြဂုတ်လ ၈ ရက်နေ့မှာ ပထမဦးဆုံး ပွဲဦးထွက်အဖြစ် Whistle ဆိုတဲ့ သီချင်းလေးကို Single အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်သလို၊ အဲဒီသီချင်းလေးနဲ့ပဲ ကိုရီးယားတစ်ခွင်မှာ လျှမ်းလျှမ်းတောက် အောင်မြင်သွားခဲ့ကြတော့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် single အနေနဲ့ ထွက်ရှိလာခဲ့တဲ့ Boombayah ဆိုတဲ့ သီချင်းဟာလည်း အကြီးအကျယ်တွေ ဆက်အောင်မြင်ခဲ့ရုံတွင် မကဘဲ Billboard က World Digital Songs စာရင်းမှာ နံပါတ် ၁ ချိတ်ခဲ့ပြန်ပါသေးတယ်။ ပြီးတော့ You Tube ပေါ်က အဲဒီသီချင်းလေးရဲ့ MV ဟာလည်း လူကြည့်အများဆုံး ကိုရီးယားအနုပညာရှင်တွေရဲ့ MV ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပြန်ပါသေးတယ်။

ပွဲဦးထွက် ၅ လအတောအတွင်းမှာတွင် အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့တဲ့ BLACKPINK အဖွဲ့သူတွေဟာ ၃၁ ကြိမ်မြောက် Golden Disc Award ပွဲမှာ New Artist ဆုကို ရရှိခဲ့ကြပါတယ်။ နောက်… ၂၆ ကြိမ်မြောက် Soul Music Award ပွဲမှာလည်း ဆုတွေ ထပ်ရသေးတယ်လို့ သိရပါတယ်။

 

 

၂၀၁၈ ခုနှစ်အတွင်းမှာ ထိပ်တန်းကို တစ်ဟုန်ထိုးရောက်ရှိလာခဲ့တဲ့ BLACKPINK အဖွဲ့ဟာ Ddu- Du Ddu- Du, Square Up စတဲ့ သီချင်း နှစ်ပုဒ်နဲ့ Billboard က Hot 100, Hot 200 စာရင်းတွေမှာ နံပါတ် ၅၅၊ နံပါတ် ၄၀ စသဖြင့် အသီးသီး ချိတ်ခဲ့ပြန်သေးတယ်လို့ ဆိုကြပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဟာ Billboard ရဲ့ Emerging Artists စာရင်းကို ဝင်သွားတဲ့ ပထမဦးဆုံးသော အမျိုးသမီး K- Pop အဖွဲ့လည်း ဖြစ်ပါတယ်တဲ့။

အနုပညာသက်တမ်း တိုတိုလေးအတွင်းမှာ ဆုအမျိုးအတွက် ဇကာတင်စာရင်းတွေမှာ အကြိမ် ၉၀ တောင် ပါ၀င်ခဲ့ရသလို၊ ၂၃ ကြိမ်တိတိ ဆုတွေ ရရှိခဲ့ပြီးပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ အောင်မြင်မှုမှတ်တိုင်တွေကို တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင်ဆိုသလို စိုက်ထူခဲ့ပြီးပြီ ဖြစ်သလို၊ သိပ်မကြာခင် အချိန်အတောအတွင်းမှာ သူတို့ရဲ့ ပရိသတ်တွေရှိရာ နိုင်ငံတွေမှာ သွားရောက် ဖျော်ဖြေကြတော့မှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ရဲ့ အမာခံပရိသတ်တွေကတော့ အရမ်းတွေ ၀မ်းသာနေကြပြီး အားပေးဖို့အတွက် သဲသဲလှုပ်အောင် ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *