သုခရိပ်မြုံလေးထဲက Carrie Underwood နဲ့ Mike Fisher တို့ ဇနီးမောင်နှံ

နာမည်ကျော် Country အဆိုတော်တစ်ဦးဖြစ်တဲ့ Carrie Underwood ရဲ့ ဂီတခရီးလမ်းအစဟာ American Idol ပြိုင်ပွဲကပါပဲလို့ ပြောမယ်ဆိုရင် မှားလိမ့်မယ် မထင်ပါဘူး။ ဟုတ်ပါတယ်။ Carrie ဟာ ၂၀၀၅ ခုနှစ်တုန်းက American Idol ပြိုင်ပွဲမှာ winner ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်းတစ်လျှောက်လုံး ဂီတလောကမှာ အလွန်အောင်မြင်လာတဲ့ Country အဆိုတော်တစ်ဦး ဖြစ်လာခဲ့တာမို့ပါပဲ။

Source: www.carrieunderwoodofficial.com

Carrie ဟာ သူမရဲ့ လက်ရှိခင်ပွန်းဖြစ်တဲ့ Mike Fisher နဲ့ ၂၀၀၈ ခုနှစ်ကတည်းက စတင် တွေ့ဆုံခဲ့ရတာပါ။ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြရပုံက ပြောရမယ်ဆိုရင် သိပ်တော့ မထူးဆန်းလှပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ တွေ့ဆုံမှုမျိုးနဲ့ပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Carrie သီချင်းဆိုတဲ့ တီးဝိုင်းအဖွဲ့က Bass ဂီတာသမားရဲ့ သူငယ်ချင်းဟာ Mike Fisher ပါပဲ။ အဲဒီတော့ Carrie ရဲ့ ရှိုးပွဲတစ်ပွဲမှာ Bass ဂီတာသမားရဲ့ မိတ်ဆက်ပေးမှုနဲ့ သူတို့နှစ်ယောက် စတင်သိကျွမ်းခဲ့ကြရပြီး မြင်မြင်ချင်းဆိုသလို တစ်ယောက်နဲ့တစ်ယောက် ငြိတွယ်သွားခဲ့ကြတာပါ။

A post shared by Carrie Underwood (@carrieunderwood) on

အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ဆက်သွယ်ရေးတွေ အပြတ်မခံကြတော့ပါဘူး။ အကြည့်တွေနဲ့ အပြန်အလှန် နှောင်ဖွဲ့မိပြီးသားလို ဖြစ်နေခဲ့တော့တာမို့ မအားလပ်ကြတဲ့ ကြားထဲကနေ ကော်ဖီသောက် ဘာညာစတဲ့ အကြောင်းပြချက်တွေနဲ့ မကြာခဏဆိုသလို ထပ်ထပ်ပြီး ဆုံဖြစ်တွေ့ဖြစ်လာကြတယ်။ အဲဒီလိုနဲ့ ရိုးရိုးခင်မင်မှုကနေ တစ်ဆင့်ချင်း တက်တက်လာကြပြီးတဲ့နောက် နှစ်နှစ်အကြာဖြစ်တဲ့ ၂၀၁၀ ဇူလိုင်လမှာ လက်ထပ်ဖြစ်ခဲ့ကြတော့တာပါပဲ။

လက်ထပ်ပြီးတဲ့အချိန်ကစပြီး ခြောက်လလောက်ကြာတဲ့အထိ သူတို့ဇနီးမောင်နှံ ဖြတ်သန်းခဲ့ရတာဟာ နတ်သမီးပုံပြင်လေးတွေလို သာယာလှပမှု မရှိခဲ့ပါဘူး။ Carrie ဟာ ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ခင်ပွန်းဖြစ်တဲ့ Mike ဟာလည်း ကနေဒါနိုင်ငံကို ကိုယ်စားပြုကစားနေတဲ့ နာမည်ကြီး ဟော်ကီကစားသမားတစ်ဦး ဖြစ်နေခဲ့တော့ နှစ်ယောက်စလုံး ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေခဲ့ကြရလို့ပါပဲ။ တစ်ခါတလေဆိုရင် တစ်ယောက်တစ်နေရာစီနေကြရတဲ့ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြတဲ့ ရက်သတ္တပတ်တွေတောင် ရှိခဲ့တယ်လို့ဆိုရတဲ့ အထိပါပဲ။

A post shared by Carrie Underwood (@carrieunderwood) on

အဲဒီတော့ Mike အနေနဲ့ သူတို့နှစ်ယောက်အတွက် အဆင်ပြေမယ့်နည်းလမ်းကို အမြဲရှာဖွေနေခဲ့တဲ့ပုံ ရပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီလမှာ Mike ဟာ သူ ၁၁ နှစ်ကျော်ကြာ ကစားခဲ့တဲ့ နေရာဖြစ်တဲ့ Ottawa Senators ကနေပြီး Nashville Predators ကို ပြောင်းရွှေ့ကစားဖြစ်ခဲ့တော့တယ်။ တကယ်တော့ Nashville Predators ဆိုတဲ့နေရာဟာ တခြားနေရာတော့ မဟုတ်ပါဘူး။ သူ့ဇနီးဖြစ်တဲ့ Carrie နေထိုင်ရာ၊ အလုပ်လုပ်ကိုင်ရာ နေရာပဲ ဖြစ်ပါတယ်။

Mike ရဲ့ ကြိုးပမ်းမှုဟာ သူတို့ဇနီးမောင်နှံအတွက် တကယ့်ကို အကျိုးရှိခဲ့ပါတယ်။ နှစ်ယောက်သားအနေနဲ့ အတူတူရှိခွင့်ရကြပြီး တစ်ယောက်ကိုတစ်ယောက် အချိန်ပိုပေးလာနိုင်တာက မိသားစုဘဝကို ပိုမိုစိုပြေလို့ ပျော်ရွှင်နိုင်စေတာပဲ မဟုတ်လား။ အဲဒီနောက်ပိုင်း ၂၀၁၅ ဖေဖော်ဝါရီလထဲမှာ Carrie ဟာ သူမနဲ့ Mike တို့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ Isaiah Michael Fisher ကို မွေးဖွားခဲ့ပါတယ်။

A post shared by Carrie Underwood (@carrieunderwood) on

Mike ဘက်က Carrie နဲ့ အနေဝေးပြီး မီးဝေးချိတ်လို အဖြစ်မခံနိုင်ခဲ့တာဟာ ထင်ရှားတဲ့ အကြောင်းပြချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ Carrie ကို သူသိပ်ချစ်သလို၊ သူ့အပေါ်မှာလည်း Carrie က အလေးအနက်ရှိနေခဲ့တာကို သူသိထားလို့ပါ။ Carrie ဟာ မင်္ဂလာဆောင်တုန်းကဆိုရင် သူတို့နှစ်ယောက်လုံး အကြိုက်ဆုံးဖြစ်တဲ့ အဆိုတော် Brandon Heath ကို Mike မသိအောင် ဖိတ်ကြားထားပြီး Love Never Fail ဆိုတဲ့ သီချင်းလေးကို သီဆိုခိုင်းရင်း နှစ်ယောက်အတူတွဲကလို့ ခင်ပွန်းသည် Mike ကို Surprise လုပ်ခဲ့သေးတာပဲ မဟုတ်လား။

တကယ်တော့ အောင်မြင်ကျော်ကြားသူတိုင်းရဲ့ အိမ်ထောင်ရေးတွေဟာ အဆင်မပြေတတ်ကြပါဘူး။ စလယ်ဝင် ဖင်မမည်းခင် ကွဲကြရတဲ့ စုံတွဲတွေမှ ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ တွေ့ကြံုဆုံဆည်းခဲ့ကြရတာ ၁၀နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ Carrie နဲ့ Mike တို့ရဲ့ အိမ်ထောင်ရေးကတော့ အခုချိန်ထိ အဆင်ပြေ စိတ်ချမ်းမြေ့စရာ ဖြစ်နေတုန်းပါပဲ။ တစ်ဦးတည်းသော သားလေးအတွက်လည်း မိခင်ကောင်း၊ ဖခင်ကောင်းတွေဖြစ်ကြရအောင် အစွမ်းကုန် ကြိုးစားနေကြဆဲပါပဲ။ အဲဒါဟာ ပြင်ပက အောင်မြင်ကျော်ကြားမှုတွေ ဘယ်လောက်ပဲ များနေခဲ့ပါစေ သူတို့ရဲ့ရင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ မေတ္တာတရားတွေ ရှိနေခဲ့ကြလို့ပဲလို့ ထင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *