ပဲရစ်မြို့ကို ရောက်တုန်းရောက်ခိုက်မှာ မုဒိမ်းမှုနဲ့ ဖမ်းခံလိုက်ရတဲ့ Chris Brown

With You, Forever အစရှိတဲ့ သီချင်းချိုချိုလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူ အဆိုတော် Chris Brown နဲ့ ပတ်သက်နေတဲ့ သတင်းဆိုးတစ်ခုဟာ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက အင်တာနက်ပေါ်က မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ အုံနဲ့ကျင်းနဲ့ဆိုသလို ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ်။

NBC သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ Brown ဟာ Paris Fashion Week မှာ Photo Shooting တွေ ရှိနေတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ပဲရစ်မြို့ကို ရောက်နေခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်… အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Brown ဟာ သူ့အလုပ်တွေ မပြီးပြတ်သေးခင်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပဲရစ်မြို့က ရဲတွေရဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဂရမ်မီဆုရှင် တစ်ယောက်ဖြစ်တဲ့ Brown ကို ပြင်သစ်ရဲတွေဖမ်းရတဲ့ အကြောင်းပြချက်ကတော့ သူ့ရဲ့ အမှုဟောင်းတစ်ခုကြောင့်ပါ။ တကယ်တော့ Brown ဟာ အမျိုးသမီးတစ်ယောက်ကို အဓ္ဓမပြုကျင့်ခဲ့တယ်လို့ တိုင်တန်း စွပ်စွဲခံထားရသူ တစ်ယောက်ဖြစ်ပါတယ်။ ပြဿနာရဲ့ အစကတော့ ၂၀၁၈ မေလထဲမှာ ဖြစ်ခဲ့တာပါ။

 

 

အဲဒီတုန်းက L.A က Brown ရဲ့အိမ်မှာ ကျင်းပတဲ့ ပါတီပွဲတစ်ပွဲကို တက်ရောက်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို Brown နဲ့ Brown ရဲ့ သူငယ်ချင်း နှစ်ယောက်တို့က အဓမ္မဝိုင်းကျင့်ခဲ့ကြပါတယ်ဆိုပြီး လူသိရှင်ကြား စွပ်စွဲတိုင်တန်းခဲ့တာပါ။ နောက်… မူးယစ်ဆေးဝါး ကိစ္စတွေလည်း နည်းနည်းပါနေခဲ့သေးတယ်လို့ ဆိုကြပါတယ်။ လောလောဆယ်မှာလည်း အဲဒီ ပြဿနာက မပြီးပြတ်သေးပါဘူး။

ဒါကြောင့် အမှုတွေတန်းလန်းနဲ့ နယ်ကျော်သလိုဖြစ်နေပြီး ပြင်သစ်ကို ရောက်နေခဲ့တဲ့ Brown ကို ရဲတွေက ဖမ်းဆီးခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ Instagram ပေါ်က Brown ရဲ့ စာမျက်နှာပေါ်မှာ “ခွေးမတော့ လိမ်နေပြီ” ဆိုတဲ့ စာသားတွေပဲပါတဲ့ ဓာတ်ပုံလေးတစ်ပုံ တက်လာခဲ့ပြီး အရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စကြီးအတွက် သူ့ရဲ့ခံစားချက် တချို့ကို ရေးခဲ့တာ တွေ့ရပြန်ပါတယ်။

“ဒီကိစ္စကြီးကို ပြည့်ပြည့်စုံစုံနဲ့ ရှင်းပစ်လိုက်ချင်ပါပြီ။ ဒါဟာ မှားယွင်းမှုကြီး တစ်ခုပါ”

အဲဒီလို အစချီထားတဲ့ Caption စာသားတွေထဲမှာ ဒီကိစ္စကြီးကို သူဘယ်လိုမှ မကျူးလွန်ခဲ့တဲ့ အကြောင်းတွေအပြင် သူ့သမီးလေးနဲ့ သူ့မိသားစုတွေအတွက်ပါ ထိခိုက်ရတယ် ဆိုတဲ့ အကြောင်းလေးတွေကိုလည်း ဆက်ရေးထားခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ စရိုက်တွေနဲ့ အဲလို ဆိုးဝါးတာတွေကို မလုပ်ခဲ့ပါဘူးလို့လည်း ရင်ဖွင့်ထားခဲ့ပါသေးတယ်။

( အခု​တော့ အဲပုံကို ဖျက်​ပစ်​လိုက်​ပါပြီ။ ) 😀

TMZ မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ Brown ဟာ ဖမ်းဆီးခံရပြီး ၂ နာရီ အတောအတွင်းမှာပဲ ရဲစခန်းကနေ ပြန်လွတ်လာခဲ့တယ်လို့ သိရပြန်ပါတယ်။ ပြီးတော့ Brown ဟာ ဒဏ်ငွေတွေ ဘာတွေကိုလည်း မဆောင်ခဲ့ရပါဘူးတဲ့။ ဒါပေမဲ့ ပြင်သစ်ရဲအဖွဲ့အနေနဲ့ကတော့ အဲဒီအမှုကို လောလောဆယ်မှာ မပိတ်သေးဘဲ ဆက်လက် စုံစမ်းသွားဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး ၄ နှစ်ကျော်စအရွယ် သမီးလေး Royalty ရဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ Brown ဟာ သူလွတ်လာခဲ့တဲ့ သတင်းကိုလည်း သူ့ရဲ့ IG စာမျက်နှာပေါ်မှာတင်ပြီး သူ့ရဲ့ ပရိသတ်တွေကို အသိပေးခဲ့တာ တွေ့ရပြန်ပါတယ်။

 

 

Brown ဟာ ၂၀၁၈၊ ဇူလိုင် ၅ ရက်၊ ကြာသပတေးနေ့တုန်းကလည်း Florida မှာရှိတဲ့ West Palm ကမ်းခြေတစ်နေရာမှာ ရှိုးပွဲသွားဆိုရင်း နယ်ကျော်မှုနဲ့ပဲ အဖမ်းခံခဲ့ရသေးတာပါ။ ဒါကြောင့် Brown ရဲ့ ပရိသတ်တွေဟာ ပြဿနာနဲ့ အမှုအခင်းတွေ ခဏခဏ ဖြစ်တတ်လေတဲ့ သူတို့ရဲ့ Idol ကို ဒီတစ်ခါမှာလည်း အစစအရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးနေကြတာကို မြင်နေခဲ့ရပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *