ကျန်းမာရေးအခြေအနေကြောင့် Joanne World Tour လက်ကျန်ပွဲတွေကိုဖျက်လိုက်ရတဲ့ Lady Gaga

ထူးထူးဆန်းဆန်းဝတ်ဆင်မှုတွေနဲ့ အမိုက်စားဖျော်ဖြေမှုတွေကို တင်ဆက်လေ့ရှိတဲ့ Poker Face သီချင်းပိုင်ရှင် Lady Gaga က ကျန်းမာရေးအခြေအနေကြောင့် လက်ရှိလုပ်နေတဲ့ Joanne World Tour လက်ကျန် ၁၀ပွဲကို ဖျက်သိမ်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ခုနှစ် ၈လပိုင်း ၁ရက်နေ့ကစခဲ့တဲ့ Joanne World Tour ဟာ အမေရိကားနဲ့ ဉရောပတခွင်အပါ ပွဲပေါင်း ၄၁ ပွဲ ဖျော်ဖြေဖို့ စီစဉ်ထားတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lady Gaga ရဲ့ ငါးခုမြောက်အယ်လ်ဘမ် “Joanne” အတွက် ပရိုမိုးရှင်းလုပ်တဲ့ပွဲလို့လဲ သတ်မှတ်လို့ရပါတယ်။ လက်မှတ်တွေလဲ စရောင်းရောင်းခြင်းမှာပဲအကုန်လုံးရောင်းထွက်ခဲ့ပြီး ပွဲရက်တွေတောင်ထပ်တိုးခဲ့ရပါသေးတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့ Birmingham Arena မှာဖျော်ဖြေခဲ့တာက နောက်ဆုံးဖြစ်ကြောင်း ကံမကောင်းလှစွာပဲ ကျန်းမာရေးအရ နားကိုနားရတော့မှာမို့လို့ ဆက်ဖျော်ဖြေဖို့ကျန်နေတဲ့ ဆယ်ပွဲကို cancel လုပ်ရတာဖြစ်ပါတယ်။

Lady Gaga ဟာ Fibromyalgia လို့ခေါ်တဲ့ ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး အဲ့ရောဂါရဲ့ အဓိကလက္ခဏာကတော့ သေချာအသေးစိတ်ရှင်းပြဖို့ခက်ခဲပေမယ့် တစ်ကိုယ်လုံးနာကျင်မှုကိုဆိုးဆိုးရွားရွားခံစားရတာမျိုးပါ။ ဒီရောဂါဟာ အသက် ၃၀ နဲ့ ၅၀ ကြားမှာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြီး စမ်းသပ်စစ်ဆေးရခက်ပြီး ကုသဖို့ရာမလွယ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Gaga ဟာဒီဝေဒနာကိုခံစားနေရတာ ကာလအတော်ကြာခဲ့ပြီဖြစ်ပြီး ဒီ Fibromyalgia Syndrome လို့ခေါ်တဲ့ ရောဂါနဲ့ပတ်သက်ပြီး လူတွေပိုသိလာအောင် Netflix နဲ့လက်တွဲပြီး Five Foot Two ဆိုတဲ့ documentary ကိုလဲ ရိုက်ကူးထားပါသေးတယ်။

Gaga ကတော့ ပွဲတွေ cancel လုပ်ရတာနဲ့ပတ်သက်ပြီး သိပ်ကိုကြေကွဲရကြောင်းနဲ့ ကျန်နေသေးတဲ့ ပွဲလုပ်ရမယ့်နေရာတစ်ခုချင်းစီကို သေချာနာမည်တပ်ပြီး တောင်းပန်ခဲ့ပါတယ်။ ဒီပွဲကိုသိပ်ကိုသဘောကျရပြီး ပရိသတ်တွေအားလုံးကိုလဲ အရမ်းချစ်ကြောင်း ပျက်ကွက်ခဲ့ရတဲ့ နေရာတွေကို ပြန်လာဖို့ကတိပြုကြောင်း သူ့ twitter ကတဆင့် ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။

လက်မှတ်ဝယ်ထားတဲ့သူတွေအနေနဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့ကနေစပြီး လက်မှတ်ဖိုးတွေကို ပြန်ထုတ်ယူနိုင်ကြောင်းလဲ သတင်းပေးထားပါသေးတယ်။ ပွဲဖျက်ခံရတယ်လို့ သတ်မှတ်နိုင်ပေမယ့် သူ့ပရိသတ်တွေကတော့ စိတ်မဆိုးပဲ သူ့အတွက်စိတ်ပူပြီး ဆုတောင်းစကားတွေနဲ့ အားပေးနေကြတုန်းပါပဲ။ “ကျန်းမာရေးကနံပါတ်တစ်မို့ သေချာနားပါ” “ငါတို့ နင့်ဖက်မှာ အမြဲရှိနေပါတယ်” “I love you” စတဲ့ comment ပေါင်းထောင်ကျော်တွေကို ကြည့်ပြီး  Lady Gaga တစ်ယောက် အမြန်ဆုံးသက်သာပြီး အကောင်းဆုံးဆိုတဲ့ ဖျော်ဖြေမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ myanmargroove ကလဲဆုတောင်းပေးလိုက်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *