IU ရဲ့သရုပ်ဆောင်စွမ်းရည်တွေ ထင်ဟပ်နေတဲ့ ‘My Ahjussi’ ဇာတ်ကား Teaser

my mister

ယမန်နေ့က tvN ရုပ်သံမှနေပြီး ‘My Ahjussi’ Drama ဇာတ်ကားသစ်အတွက် IU ရဲ့ Individual Teaser ကို ထုတ်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ IU ဟာ အဓိကအမျိုးသမီးသရုပ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာတော့ IU က လောကဓံရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ထိပ်တိုက်ရင်ဆိုင်လာရပြီးနောက်မှာ စိတ်ဓာတ်မာကြောပြီး ခံစားချက်မဲ့စွာနဲ့ ကျန်ရှိနေတဲ့ဘဝကြီးကို ဖြတ်သန်းနေထိုင်နေတဲ့ Lee Ji An အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Teaser ထဲမှာတော့ Lee Ji An ဟာ လောကကြီးကို အေးစက်တဲ့အကြည့်တွေနဲ့ငေးကြည့်နေပြီး သူမရဲ့ဘဝကြီး ကြမ်းတမ်းစွာဖြတ်သန်းနေရတာတွေကို ပြန်လည်အမှတ်ရနေတာကို မြင်တွေ့ရမှာပါ။

Lee Ji An က “အရမ်းကိုခမ်းနားတဲ့နေရာတွေက အမှောင်မိုက်ဆုံးသောနေရာတွေဖြစ်လာတယ်၊ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နေရာတွေက သူမအတွက်သက်တောင့်သက်သာဖြစ်စေတဲ့နေရာတွေဖြစ်လာတယ်” ဆိုပြီး နောက်ခံစကားပြောအနေနဲ့ ဖော်ပြပြောဆိုထားပါတယ်။ Lee Ji An ရဲ့ဘဝကိုထင်ဟပ်စေတဲ့စကားပြောတွေနဲ့အတူ နောက်ဆုံးမှာတော့ Lee Ji An ရဲ့ဒဏ်ရာအပြည့်နဲ့မျက်နှာလေးဟာ သနားစရာကောင်းလှသလို သူမရဲ့မျက်လုံးကလည်း ခက်ထန်လှတဲ့လောကဓံကို ကြံ့ကြံခံကျော်ဖြတ်လာခဲ့ရတာကြောင့် ပင်ပန်းနွမ်းနေပါတော့တယ်။

IU က ဟိုအရင် Interview တွေတုန်းက သူမရဲ့ချစ်စဖွယ် မျက်နှာထားလေးကို ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ရမယ့်ကာရိုက်တာနဲ့လိုက်အောင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားရဦးမယ်ဆိုပြီး ဖြေထားခဲ့ဖူးပါတယ်။ ဒီ Teaser လေးကိုကြည့်ပြီးတော့ IU တစ်ယောက် အောင်မြင်စွာနဲ့ ကာရိုက်တာရဲ့ ခံစားချက်ကိုထည့်သွင်းသရုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

‘My Ahjussi’ မှာပါဝင်တဲ့ Lee Sun Gyun ကတော့ “အခုဒီဇာတ်ကားလေးက IU အတွက်တော့ အဆိုတော် IU အနေနဲ့မဟုတ်ဘဲ သရုပ်ဆောင် IU အနေနဲ့ အလွန်ကောင်းမွန်တဲ့ Project ဖြစ်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ ‘My Ahjussi’ ဆိုတဲ့ဇာတ်ကားလေးကတော့ သက်လတ်ပိုင်းညီအစ်ကိုသုံးယောက်နဲ့ လောကဓံရဲ့ကြမ်းတမ်းမှုတွေကိုခါးစည်းခံနေရတဲ့ အမျိုးသမီးငယ်လေးတို့ရဲ့ တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး စိတ်ဒဏ်ရာတွေကိုနှစ်သိမ့်ပေးကြတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ ဒီဇာတ်ကားလေးကိုတော့ မတ်လ ၂၁ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။

A post shared by 이지금 (@dlwlrma) on

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *