Youtube မှာ ကြည့်ရှုသူ သန်းတစ်ရာ ပထမဆုံးပြည့်သွားတဲ့ IU ရဲ့ “Palette” MV

ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကိုရော အသံလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အဆိုတော်မင်းသမီးချောလေး IU ကတော့ သူမရဲ့ အနုပညာဘဝမှာ ပထမဦးဆုံး Youtube အောင်မြင်မှုတစ်ခုကို ရရှိသွားခဲ့ပါပြီ။ IU ဟာ သူမရဲ့ “Palette” Music Video နဲ့ Youtube မှာ ကြည့်ရှု့သူဦးရေ သန်းတစ်ရာကို ပထမဆုံးအကြိမ်အဖြစ် ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်နေ့ တောင်ကိုရီးယာစံတော်ချိန် ညနေ ၃နာရီမှာ IU ရဲ့ Palette သီချင်းကို ကြည့်ရှုသူဦးရေ သန်းတစ်ရာပြည့်သွားခဲ့တာလို့ သိရပါတယ်။ နာမည်ကျော် Rap အဆိုတော် G-Dragon နဲ့ တွဲဖက်သီဆိုထားတဲ့ Palette သီချင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဧပြီလ ၂၁ရက်နေ့မှာ ထွက်ရှိထားခဲ့တာဖြစ်ပြီးတော့ IU ရဲ့ စတုတ္ထမြောက်အယ်ဘမ်ရဲ့ Title Track သီချင်းတစ်ပုဒ်ပါ။ သီချင်းထွက်ပြီး ၁နှစ် ၇လ ၂၁နာရီ အကြာမှာ အခုလို ဝင်ရောက်ကြည့်ရှုသူဦးရေ သန်းတစ်ရာပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်လိုက်ရတဲ့ IU ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့က သူရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ပြည့် အထိန်းအမှတ် ဖျော်ဖြေပွဲကို စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲအတွင်းမှာ IU က သူမတင်ဆက်သွားမယ့် သီချင်းတွေထဲမှာ မပါဝင်တဲ့ သီချင်းတစ်ပုဒ်ကို သီဆိုသွားခဲ့ပါတယ်။ ဒီသီချင်းက မနှစ်က ဒီဇင်ဘာ ၁၈ရက်နေ့မှာ ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ SHINee အဖွဲ့ရဲ့ အဆိုတော် Jonghyun အတွက် ရည်စူးထားတဲ့ သီချင်းဖြစ်ပါတယ်။

ဒီသီချင်းရဲ့ နာမည်ကတော့ Gloomy Clock ဖြစ်ပြီးတော့ Jonghyun ကိုယ်တိုင် ရေးစပ်ထားခဲ့တဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါ။ IU ကလည်း ဒီသီချင်းကို စတင်ကြားကြားချင်းမှာပဲ အရမ်းကို သဘောကျသွားခဲ့လို့ သူကိုရောင်းချဖို့ Jonghyun ဆီမှာ တောင်းပန်ခဲ့ရတယ်လို့လည်း ပြောဆိုရှင်းပြခဲ့ပါတယ်။ IU ဟာ ၂၀၁၅ခုနှစ်က ကျင်းပသွားခဲ့တဲ့ THE STORY by JONGHYUN ဆိုတဲ့ Jonghyun ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ တွဲဖက်သီဆိုပေးသွားခဲ့ပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *