Janet Jackson ဟာ ညပိုင်းကြီးမှာ ဘာကြောင့်များ ရဲဌာနကို ဖုန်းဆက်ခဲ့ရတာပါလဲ….?

Janet Jackson ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ 2018 Billboard Music Award ပွဲမှာ Billboard Icon Award ဆုကို ရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ အဲဒီ ပူပူနွေးနွေး ဆုပိုင်ရှင် Janet ဟာ ပြီးခဲ့တဲ့ စနေနေ့ ညပိုင်းကြီးမှာ ရဲဌာနတစ်ခုကို အပူတပြင်း ဖုန်းဆက်ခဲ့ပါတယ်လို့ သိရပါတယ်။

Hotnewhiphop

ဟုတ်ပါတယ်။ Mailbu မြို့က ရဲဌာနရဲ့ လက်ထောက်အရာရှိတစ်ယောက်ဖြစ်သူ Tracy Koerner ရဲ့ ပြောပြချက်အရ အဆိုတော် Janet ဟာ သူတို့ဆီကို ည ၉ နာရီ ၅၅ မိနစ်လောက်မှာ ဖုန်းခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းထဲကနေ Janet ပြောခဲ့တာတွေကတော့ Mailbu မြို့ထဲက Nobu ဟိုတယ်မှာ သူနဲ့ကွဲနေတဲ့ယောကျာ်းနဲ့ အတူရှိနေတဲ့ တစ်နှစ်သားအရွယ် သူ့သားလေးကို အရမ်းစိတ်ပူမိနေလို့ ဖုန်းခေါ်လိုက်ရတာဖြစ်ပြီး၊ အခု သူရဲ့သားကလေးဟာ ဟိုတယ်မှာ အဆင်ပြေပြေနဲ့ ရှိတယ် မရှိဘူးဆိုတာကို ရဲဌာနက အရာရှိတွေအနေနဲ့ သူ့ကိုယ်စား သွားစစ်ဆေးပေးကြဖို့ အကူအညီတောင်းခဲ့တာတွေပါပဲတဲ့။

ရဲအရာရှိတွေဟာ Nobu ဟိုတယ်ကို ၅ မိနစ်အတွင်းမှာ ရောက်သွားကြပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Janet ရဲ့ တစ်နှစ်အရွယ် သားကလေး Eissa ဟာ သူမရဲ့ယောကျာ်းဟောင်းဖြစ်တဲ့ (ကလေးရဲ့ အဖေအရင်းဖြစ်တဲ့) Wissam Al Mana နဲ့ ကောင်းကောင်းမွန်မွန်ပဲ ရှိနေခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီတော့ ရဲတွေအနေနဲ့ Janet ရဲ့ တိုင်ကြားမှုအတွက် သူ့ခင်ပွန်းဟောင်းအပေါ်မှာ ဘာဆိုဘာမှ အရေးမယူနိုင်ခဲ့ဘဲ ဒီကိစ္စဟာ လင်မယားတွေကြားက သာမာန်ကတောက်ကဆ ဖြစ်မှုတစ်ခုပဲလို့ သတ်မှတ်ခဲ့ကြရပါတော့တယ်တဲ့။

Pinterest

Janet ရဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ ဂီတအနုပညာရှင်တစ်ဦးဖြစ်သူ Randy ကတော့ ET မီဒီယာကို ခုလိုပဲ ပြောခဲ့ပါတယ်။

Al Mana က အကြမ်းဖက်တတ်တဲ့အကျင့် နည်းနည်းပါးပါးရှိတယ်လို့ ပြောကြပါတယ်။ အဲဒါကို တချို့လည်း သိပြီးသားဖြစ်ကြမှာပါ။ အဲဒါကြောင့်များလားတော့ မသိဘူး။ အဲဒီညက ဟိုတယ်မှာ ကလေးနဲ့ Al Mana တို့ အတူရှိနေချိန်မှာ ကလေးထိန်းဟာ Al Mana ကို လန့်နေတာနဲ့ တူပါတယ်။ နောက်ကျတော့ ကလေးထိန်းဟာ သူ့ဟာသူ ရေချိုးခန်းထဲကိုသွားပြီး အထဲကနေ တံခါးကို လော့ခ်ချပြီးပိတ်ရင်း ကလေးကို စိုးရိမ်စိတ်၊ Al Mana ကို ကြောက်လန့်စိတ်တွေနဲ့ Janet ဆီကို ဖုန်းဆက်လိုက်တာပါ။ Janet ကလည်း သူတို့လင်မယားရဲ့ အကွဲအပြဲ အခြေအနေအရ အဲဒီအချိန်မှာ ကလေးနဲ့အတူ မရှိနိုင်ဘဲ တခြားတစ်နေရာမှာ ရှိနေခဲ့ရတာဆိုတော့ သူ့သားကို စိတ်တအားပူပြီး ၉၁၁ ကို ဖုန်းခေါ်မိတော့တာပဲ နေမှာပါ

****
Janet နဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးတစ်ယောက်ဖြစ်တဲ့ Al Mana တို့ဟာ ၂၀၁၂ တုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုကလေးလေးဖြစ်တဲ့ Eissa ကို ၂၀၁၇ ဇန်နဝါရီလမှာ မွေးခဲ့တာပါ။ ကလေးရပြီးတဲ့နောက် သုံးလအကြာဖြစ်တဲ့ ၂၀၁၇ ဧပြီလကတည်းကစပြီး သူတို့နှစ်ယောက်ဟာ တရားဝင်မကွာရှင်းရသေးပေမယ့် စိမ်းကားအေးစက်စွာနဲ့ တစ်သီးတစ်ခြားစီနေခဲ့ကြတာ အခုထိပဲ ဖြစ်ပါတယ်။ ကလေးကိုတော့ သူတို့နှစ်ယောက်နဲ့ တစ်လှည့်စီ အတူနေစေဖို့ နှစ်ယောက်သား သဘောတူထားကြတယ်လို့လည်း သိရပါတယ်။

USA Today

Al Mana အနေနဲ့ Janet နဲ့ အိမ်ထောင်ပြုဖြစ်ခဲ့တာဟာ သူ့အတွက် ပထမဦးဆုံးအကြိမ် အိမ်ထောင်ပြုခြင်းပဲဖြစ်ပြီး ကလေးဆိုလို့လည်း ဒီ Eissa လေးတစ်ယောက်ကိုပဲ ရဖူးတာပါ။ Janet ကတော့ Al Mana နဲ့ အိမ်ထောင်မပြုဖြစ်ခင် အရင်က အိမ်ထောင်နှစ်ကြိမ် ပြုခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သားသမီးအနေနဲ့ကတော့ အခု တတိယမြောက်ယောကျာ်းဟောင်းဖြစ်သူ Al Mana နဲ့ကျမှရခဲ့တဲ့ တစ်နှစ်အရွယ် သားကလေး Eissa သာ သူမအတွက် ဦးဦးဖျားဖျား ရှားရှားပါးပါး ရှိခဲ့တာပါ။ အဲဒါကြောင့်ပဲ ကလေးနဲ့ပတ်သတ်ပြီး ခုလို လူသိရှင်ကြား ဖြစ်သွားခဲ့ရတာနဲ့ တူပါတယ်။

Janet ဟာ Al Mana နဲ့ ပြန်ပေါင်းဖို့အတွက်တော့ လုံးဝအစီအစဉ်မရှိဘူးလို့ သိရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း စိမ်းကားအေးစက်ဆဲပါပဲတဲ့။ သူမဟာ ရှေ့လျှောက်မှာလည်း သားကလေးအတွက် အမေကောင်းတစ်ယောက်အဖြစ် ရပ်တည်ရင်း ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားချင်ပါတယ်တဲ့လေ။ ။

Leave a Reply

Your email address will not be published. Required fields are marked *