နှလုံးသားလှတဲ့ Justin Timberlake

နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Justin Timberlake ဟာ သီချင်းဆိုကောင်းသလောက် ပရဟိတစိတ်ဓာတ်လည်း ထက်သန်သူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အချိန်ရရင် ရသလို ကလေးလေးတွေ ရှိတတ်တဲ့ ကျောင်းလေးတွေ၊ ဆေးရုံတွေကို သွားရောက်လည်ပတ်တတ်ပြီး ကလေးလေးတွေကို အားပေးတတ်လို့ပဲ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin Timberlake ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း San Antonio မှာရှိတဲ့ Methodist Children’s Hospital ဆိုတဲ့ ကလေးဆေးရုံလေးကို သွားရောက် လည်ပတ်ခဲ့သေးတယ်လို့ သိရပါတယ်။ နောက်… Justin Timberlake ဟာ ဆေးရုံပေါ်မှာ ရောဂါဝေဒနာ အမျိုးမျိုးကို အရွယ်နဲ့မမျှအောင် ခံစားနေကြရရှာတဲ့ ကလေးသူငယ် အရွယ်စုံတို့ကိုလည်း သူ့ထုံးစံအတိုင်း နွေးနွေးထွေးထွေးနဲ့ အားပေးခဲ့သေးတယ်လို့ သိရပါတယ်။

 

 

တကယ်တော့ အဲဒီဆေးရုံပေါ်မှာ ရှိနေခဲ့ကြတဲ့ ဝေဒနာရှင် ကလေးသူငယ်တချို့ဟာ Justin Timberlake ကို အရမ်းချစ်ကြပြီး တွေ့ချင်တဲ့ဆန္ဒတွေ ပြင်းပြနေခဲ့ကြတာလည်း ကြာခဲ့ပြီလို့ ဆိုကြပါတယ်။ အဲဒါကြောင့် ဆေးရုံက တာဝန်ရှိသူတချို့ဟာ “သားတို့ သမီးတို့ကို လာတွေ့ပါ JT ရယ်” ဆိုတဲ့ စာတန်းလေးတွေနဲ့အတူ ကလေးတွေကို ဗီဒီယို ရိုက်ပေးခဲ့ကြပြီး လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ တင်ပေးခဲ့ကြပါတယ်။

ပြီးတော့ အဲဒီ ဗီဒီယိုဖိုင်လေးထဲမှာ ကလေးတွေ အပါအဝင် ဆေးရုံက ၀န်ထမ်းတချို့ဟာ Justin Timberlake ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ Can’t Stop The Feeling ဆိုတဲ့ သီချင်းလေးနဲ့ ကနေခဲ့ကြတဲ့ မြင်ကွင်းလေးတွေလည်း ပါဝင်နေခဲ့ပါသေးတယ်။

လူမှုကွန်ယက်ပေါ်ကို ရောက်ရှိသွားခဲ့တဲ့ အဲဒီဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူတိုင်းရဲ့ရင်ကို ထိမှန်စေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီဒီယိုဖိုင်လေးဟာ Like & Share တွေ အဆမတန် များပြားသွားခဲ့ပြီး၊ နောက်ဆုံးမှာ Justin Timberlake ဟာ ကလေးတွေရဲ့ ဆန္ဒကို သိသွားခဲ့ရတာနဲ့ ဆေးရုံကို ပြေးလာခဲ့တာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

 

 

Justin Timberlake ရောက်လာခဲ့ရတဲ့အတွက် အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြတဲ့ ဝေဒနာရှင် ကလေးတွေဟာ အရမ်းပျော်ရွှင်ပြီး စိတ်အားတွေ တက်ကြွသွားကြတယ်လို့ သိရပါတယ်။ ပြီးတော့ ဆေးရုံက တာဝန်ရှိ ၀န်ထမ်းတွေဟာလည်း ၀မ်းသာဂုဏ်ယူပြီး အားတွေတက်သွားကြရပါတယ်တဲ့။

တခြားကြောင့်တော့ မဟုတ်ပါဘူး။ Justin Timberlake တို့လို Mega Star တွေ လာအားပေးတဲ့ ဆေးရုံတွေဟာ အများရဲ့ စိတ်ဝင်စားမှုကို ရရှိသွားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဆေးရုံအတွက် သူတို့လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေကိုလည်း တခြားသော အလှူရှင်အသစ်တွေဆီက ရရှိနိုင်ကြတော့တာပေါ့။ ဒါကြောင့် Justin Timberlake ရဲ့ အခုလို လုပ်ရပ်ကို သူ့ပရိသတ်တွေကရော၊ ဆေးရုံဝန်ထမ်းတွေကပါ ၀မ်းသာအားရနဲ့ ချီးမွမ်းနေကြတာကို မြင်နေရပါတယ်။

 

 

Justin Timberlake ဟာ ၂၀၁၈၊ အောက်တိုဘာလ ၃ ရက်နေ့ တုန်းကလည်း သူ့ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင် Jessica Biel နဲ့အတူ Ohio ပြည်နယ်ထဲက Akron မြို့လေးထဲမှာ ဖွင့်လှစ်ထားတဲ့ စီးပွားရေး မပြေလည်တဲ့ ကလေးလေးတွေ တက်ရောက်ပညာသင်ကြားကြရာ I PROMISE ကျောင်းလေးကိုသွားပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့ဖူးသေးတယ်လို့လည်း သိရပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *