ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ Taylor Swift နဲ့ Katy Perry တို့နှစ်ယောက်

၆ နှစ်လောက် အပြန်အလှန် စိတ်တွေကောက်နေခဲ့ကြတဲ့ Taylor Swift နဲ့ Katy Perry တို့နှစ်ယောက်ဟာ မနေ့က Katy Perry ပေးပို့လိုက်တဲ့ သံလွင်ပန်းခွေနဲ့ တောင်းပန်စာလေးကြောင့် ပြန်တည့်သွားပြီလို့ အားလုံးက ထင်ခဲ့ကြပါတယ်။ Taylor Swift ကိုယ်တိုင်ကလည်း လုံးဝမထင်မှတ်ထားခဲ့တာမို့ အားရဝမ်းသာနဲ့ “Thank You Katy” ဆိုပြီး သူမလက်ခံရရှိခဲ့တာလေးကို Social Media ပေါ်တင်ပြီး ကြွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကလည်း “Finally” ဆိုပြီး သူတို့နှစ်ယောက်ပြန်တည့်သွားကြတာကို ဝမ်းသာပေးနေကြပါတယ်။

ဒါပေမယ့် Katy ကတော့ ဝမ်းမသာနေပါဘူး။ တိတိကျကျပြောရရင် ပြန်တောင်စိတ်ဆိုးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့တောင်းပန်စာကို Social Media ပေါ်မှာ အတိုင်းသားကြီး ပြလိုက်လို့ပါတဲ့။

Katy ရဲ့ သူငယ်ချင်းက အောက်ပါအတိုင်း ပြောပြထားပါတယ် –

Katy အနေနဲ့ Swift က ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခုရေးပြီးတင်မယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် တကယ့်စာအစစ်ကို တင်လိုက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

Swift တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ Katy ရေးထားတဲ့စာကို တစ်စိတ်တစ်ပိုင်းသာမြင်လိုက်ရတော့ လူတွေက ဖတ်လို့ရသလောက်လေးနဲ့ပဲ ကောက်ချက်ချကုန်ကြပါတယ်။ အဲ့တော့ သူတို့ ၂ ယောက်ကြားက ပြဿနာမှာ Katy ကပဲ လုံးလုံးမှားနေလို့ တောင်းပန်သလို ဖြစ်သွားခဲ့ပါတယ်။

Swift ရဲ့ ဗီဒီယိုထဲမှာ မြင်ရသလောက်ဆိုရင် Katy က Swift ကို “ဟေး သူငယ်ချင်းရေ၊ ငါတို့ ၂ ယောက်ကြားက ပြဿနာတွေကို ပြန်သုံးသပ်ကြည့်ဖြစ်တယ်။ အမှန်က သေသေချာချာ စကားမပြောဖြစ်တော့ နားလည်မှုတွေ လွဲကုန်ကြတာပါ။ ငါအရမ်းဝမ်းနည်းမိပါတယ်” လို့ ရေးသားထားတာကို တွေ့ရမှာပါ။ အဲဒါက စာတစ်စောင်လုံးရဲ့ ထိပ်ဆုံးပိုင်းလေးပဲဖြစ်ပြီး အောက်မှာ ရေးထားတာတွေ ကျန်သေးတယ်ဆိုတာ ဗီဒီယိုထဲမှာ မြင်နိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို လူတွေအထင်လွဲအောင်လုပ်တယ်ဆိုပြီး Katy က Swift ကို စိတ်ပြန်ကောက်နေတာပဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကြားက ပြဿနာက ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အဲဒီတုန်းက Swift ရဲ့ Tour ပတ်နေတုန်း သူ့ရဲ့ Backing Dancer ၃ ယောက်ကို Katy က ကြားဖြတ်လုပါတယ် ဆိုတာကနေစပြီး မခေါ်နိုင်မပြောနိုင် ဖြစ်ခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ်ရောက်တော့ Swift က Katy ကို စောင်းမြောင်းပြီး “Bad Blood” သီချင်းကို ရေးသားသီဆိုခဲ့ပါတယ်။ Katy ကလည်း ငြိမ်မခံပါဘူး.. ၂၀၁၇ ရောက်တော့ သူမရဲ့ “Swish Swish” သီချင်းနဲ့ Swift ကို ပြန်ဖဲ့ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။ အပူမီးတွေငြိမ်းချင်လို့ Katy ဖက်က စပြီး ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး Swift ကလည်း ပျော်နေပုံထောက်တော့ အားလုံးအဆင်ပြေသွားမယ့်အထာ ရှိပါတယ်။ အခု Katy စိတ်ကောက်နေတာကလည်း ခဏတာပဲဖြစ်ဖို့ မျှော်လင့်မိပါတယ်။ ဖြစ်နိုင်ရင်တော့ ၂၀၁၀ တုန်းက Katy နဲ့ Swift တို့ “Hot N Cold” သီချင်းကို အတူတူ သီဆိုခဲ့သလိုမျိုးလေးတွေ ပြန်မြင်မိချင်ပါတယ်။

Ref: NYTimes, The Sun

Leave a Reply

Your email address will not be published. Required fields are marked *