Nicki Minaj ဆိုတာကို လုံးဝမသိပါဘူးလို့ ဗြောင်ကျကျ ပြောလာတဲ့ Lil’ Kim

အမေရိကန် အမျိုးသမီး Rapper အကျော်အမော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Lil’ Kim ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက California က West Hollywood မှာရှိတဲ့ Delilah မှာ ကျင်းပခဲ့တဲ့ Paris Hilton’s Boohoo ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ET မီဒီယာက Katie Krause ဆိုတဲ့ သတင်းထောက်မလေးတစ်ယောက်ဟာ Kim ကို လျှပ်တစ်ပြက် အင်တာဗျူး မေးခွန်းလေးတွေ မေးခဲ့ပါတယ်။ အဲဒီလို မေးနေရင်းနဲ့ လတ်တလောမှာ ရေပန်းအစားဆုံး အမျိုးသမီး Rapper တွေ ဖြစ်နေကြတဲ့ Cardi B နဲ့ Nicki Minaj တို့ကိုရော ဘယ်လိုမြင်သလဲ… ဆိုတဲ့ မေးခွန်းလေးကို ရောက်သွားတဲ့အခါမှာ Kim က အခုလိုပဲ ဖြေခဲ့ပါတယ်။

“ရှင်သိလား။ Cardi ကတော့ ကျွန်မရဲ့ ကောင်မလေးလို့တောင် ပြောရမလိုပဲရှင့်။ ဒါပေမဲ့ နောက်တစ်ယောက်ကိုတော့ ကျွန်မ မသိပါဘူး။ Cardi ကတော့ ကျွန်မရဲ့ ကောင်မလေးမို့ သူ့အတွက် ကျွန်မမှာ စိတ်လှုပ်ရှားနေရပါတယ်။ ပြီးတော့ သူမွေးလာမယ့် ကလေးလေးကိုလည်း ကျွန်မ တကယ်မြင်ချင်လှပြီရှင့်”

Kim အနေနဲ့ သတင်းထောက်ရဲ့မေးခွန်းထဲက Cardi B ကိုတော့ ချီးမွမ်းပြီး Nicki Minaj ကိုတော့ မသိလေဟန်နဲ့ ဗြောင်ကျကျ ပြောခဲ့တာဟာ အကြောင်းရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ Kim ဟာ Black Friday ဆိုတဲ့ အခွေတစ်ခွေ ထွက်ခဲ့ပါတယ်။ အဲဒါကို Minaj က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက ပွဲဦးထွက်အခွေအဖြစ် သူထွက်ထားခဲ့တဲ့ Pink Friday အခွေကို Kim က လိုက်ပြီး အတုခိုးထားတာလို့ စွပ်စွဲခဲ့တယ်။ ပြီးတော့ Kim ဟာ အစစ်အမှန်မဟုတ်တဲ့ ကော်ပီမမပါလို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။ နောက်ပြီး… Minaj ဟာ အဲဒီလိုတွေဖွလို့ အားမရသေးဘဲ Roman Revenge, Tragedy, Y.U. Mad, Stupid Hoe နဲ့ I Am Your Leader စတဲ့ သူမရဲ့သီချင်းတွေထဲမှာ Kim ကို စောင်းမြောင်းပုတ်ခတ်ပြီး သီဆိုခဲ့ပါသေးတယ်။ (Kim ကလည်း Minaj ကို ပြန်စောင်းမြောင်းတဲ့ သီချင်းတချို့ကို ဆိုခဲ့သေးတယ်လို့ သိရသေးတယ်။)

အဲဒါနဲ့ ၂၀၁၂ ထဲမှာတော့ Kim ဟာ iHeartRadio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမကို Minaj ဖွခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ခုလို ဖြေခဲ့ပါတယ်။ “Minaj က တော်တော်လေး စီးစီးပိုးပိုး ရှိနေတတ်တာဟာ ပြဿနာတစ်ခုပါ။ ကျွန်မကတော့ သူနဲ့ ပြဿနာ မဖြစ်ချင်ပါဘူး။ သူနဲ့ပတ်သတ်လာရင် အမြဲကောင်းအောင် နေခဲ့တာချည်းပဲ။ သူကသာ ကျွန်မတို့အပေါ်မှာ လေးစားမှုမရှိတာ။ အဲဒီလို လူမျိုးတွေဟာ သိပ်ရွံစရာကောင်းတာ အမှန်ပဲရှင့်”

Kim ဘက်က အဲဒီလို ခံပြင်းမယ်ဆိုလည်း ခံပြင်းစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမက အမေရိကန် အမျိုးသမီး Rapper လောကမှာ Minaj ထက် အများကြီး စီနီယာကျတဲ့ အဆိုတော်တစ်ယောက် ဖြစ်နေခဲ့တာမို့ပါပဲ။ ဟုတ်ပါတယ်။ Kim ဟာ သူမရဲ့ ပထမဦးဆုံးအခွေကို ၁၉၉၆ ခုနှစ်လောက်မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Minaj ကတော့ ၂၀၀၄ လောက်မှ စပေါ်လာပြီး (ပြဿနာဖြစ်ကြရတဲ့) ပွဲဦးထွက်အခွေကို ၂၀၁၀ လောက်မှ ထွက်ခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ Kim ဟာ ဂရမ်မီဆုနဲ့ တခြားဆုပေါင်းများစွာကို ရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်နေခဲ့သေးတာမို့ပါပဲ။

အဲဒီလို အနေအထားတွေနဲ့ဆိုတော့ နောက်ပေါက်ဖြစ်ပြီး စီနီယာတွေကို လေးစားရမှန်းမသိဘဲ ဟော့ရှော့သိပ်လုပ်လွန်းခဲ့သလို ရှိနေခဲ့တဲ့ Minaj ကို Kim က ခုထိ စာရင်းထဲ မသွင်းချင်တော့တဲ့ပုံ ရပါတယ်။ လောလောဆယ်မှာလည်း Nicki Minaj ကို မသိပါဘူးလို့ ဗြောင်ကျကျ ပြောလာတဲ့ Lil’ Kim ကြောင့် Online မီဒီယာတွေထက်မှာ ခုလိုတွေ ရေးနေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရန်ငြိုးဟောင်းတွေက ဆယ်နှစ်နီးပါးလောက် ကြာနေခဲ့ပြီးသားဖြစ်နေတာတောင်မှ ခုထိ အရည်မပျော်နိုင်ကြသေးဘူးလား… တဲ့လေ။    ။

Leave a Reply

Your email address will not be published. Required fields are marked *