အရှိန်အဟုန်နဲ့စတင်နေပြီဖြစ်တဲ့ Myanmar Idol Season 3

မြန်မာနိုင်ငံတွင်းက ဂီတချစ်သူတွေ အမျှော်လင့်ကြီးမျှော်လင့်နေရတဲ့ Myanmar Idol အစီအစဉ်ရဲ့ Season 3 ကတော့ အရှိန်အဟုန်နဲ့စတင်အသက်ဝင်နေပြီဖြစ်ပါတယ်။ မန္တလေး၊ တောင်ကြီး၊ မကွေး၊ ပုသိမ် နဲ့ ရန်ကုန်မြို့တို့မှာ ပဏမအသံစစ်ဆေးမှုတွေ ကျင်းပပြုလုပ်ထားဖို့စီစဉ်ထားပြီး Mobile Casting အဖွဲ့သားတွေက မြန်မာနိုင်ငံအနှံ့ မြို့ ၁၁ မြို့ဆီကိုသွားရောက်ပြီး အဆိုပါရမီရှင်တွေကို သွားရောက်ရှာဖွေကြမှာဖြစ်ပါတယ်။

ဒီနှစ်ပဏမအသံစစ်ဆေးပွဲတွေမှာ လာရောက်ယှဉ်ပြိုင်ကြသူဦးရေကလည်း အားရစရာပါပဲ။ ဇန်နဝါရီ ၂၀ နဲ့ ၂၁ ရက်နေ့ မန္တလေးမြို့မှာကျင်းပခဲ့တဲ့ ပဏမအသံစစ်ဆေးပွဲကိုဆိုရင် သီချင်းဝါသနာရှင်ပေါင်း ၂၀၀၀ ကျော် လာရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် Mobile Casting သွားရောက်တဲ့မြို့တွေမှာဆိုရင်လည်း လာရောက်သီဆိုယှဉ်ပြိုင်သူ ၁၀၀ ကျော်ခန့်စီရှိခဲ့ကြပါတယ်။

ပဏမအသံစစ်ဆေးပွဲကျင်းပတဲ့မြို့တွေမှာဆိုရင် Season 1 နဲ့ 2 တုန်းက အဆိုရှင်တွေကလည်း လာရောက်ဖျော်ဖြေပေးကြတာမို့ လာရောက်ယှဉ်ပြိုင်သူတွေအတွက်အားဖြစ်စေသလို Myanmar Idol ပရိသတ်တွေအတွက်လည်း ကျေနပ်စရာဖြစ်စေခဲ့ပါတယ်။ အခုဒီစာကိုရေးနေတဲ့အချိန်မှာဆိုရင်လည်း ဒိုင်တွေ၊ Mobile Casting အဖွဲ့သားတွေနဲ့ Myanmar Idol program မှာပါဝင်သူတွေအားလုံးက မြန်မာနိုင်ငံအနှံ့က သတ်မှတ်ထားတဲ့မြို့တွေမှာ အဆိုပါရမီရှင်လေးတွေကို ကျားကုတ်ကျားခဲသွားရောက်ရှာဖွေနေကြပါတယ်။

Season 3 မှာတော့ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၊ နိုင်ငံကျော် အကယ်ဒမီများရှင်အနုပညာရှင် ရန်အောင်၊ နိုင်ငံကျော်အဆိုတော် မျိုးကျော့မြိုင် နဲ့ နာမည်ကျော်တေးသံရှင် တင်ဇာမော်တို့က ဒိုင်များအဖြစ်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ Season 3 TV Program ကို လာမယ့် ဧပြီလကနေစတင်ပြီး နိုင်ငံအနှံ့ထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *