Fifth Harmony, One Direction နဲ့ Simon Cowell တို့ရဲ့ အံ့သြဖွယ်ကံကြမ္မာ

fifth harmony

Fifth Harmony အဖွဲ့ သူတို့အဖွဲ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို အချိန်အကန့်အသတ်မရှိရပ်နားလိုက်တယ်ဆိုတဲ့သတင်း ကြားမိကြမှာပါ။ Harmonizer တွေအတွက်ကတော့ တကယ်စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့်ဒီဖြစ်ရပ်မှာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေရှိနေပါတယ်။ အဲဒါကတော့ Fifth Harmony နဲ့ One Direction အဖွဲ့တို့ရဲ့ ချွတ်စွပ်နီးပါးတူနေတဲ့ ကံကြမ္မာပဲဖြစ်ပါတယ်။ သူတို့ ၂ ဖွဲ့ကြားမှာ အဖွဲ့စတင်ဖြစ်တည်လာပုံကနေစပြီး အနုပညာလှုပ်ရှားမှုတွေ ရပ်နားလိုက်တဲ့အချိန်အထိ တူညီမှုတွေ၊ တိုက်ဆိုင်မှုတွေ အများကြီးရှိနေခဲ့ပါတယ်။

 

ခရီးအစ

ပထမဦးဆုံးအနေနဲ့ သူတို့ ၂ ဖွဲ့လုံးက The X Factor ပြိုင်ပွဲကနေတက်လာကြတာပါ။ One Direction ဟာ ၂၀၁၀ ခုနှစ်တုန်းက The X Factor (UK) အစီအစဉ်မှာ တတိယဆုရရှိခဲ့ပြီး အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာပါ။ Fifth Harmony ဟာဆိုရင်လည်း ၂၀၁၂ ခုနှစ်တုန်းက The X Factor (US) အစီအစဉ်မှာ တတိယဆုရရှိခဲ့ပြီး အဖွဲ့ရဲ့ခြေလှမ်းတွေစတင်ခဲ့တာပါ။ ပြိုင်ပွဲယှဉ်ပြိုင်စဉ်တလျှောက်လုံးမှာ သူတို့ ၂ ဖွဲ့လုံးကိုကြီးကြပ်ပေးခဲ့သူကတော့ လက်ရှိ America’s Got Talent နဲ့ Britain’s Got Talent အစီအစဉ်တွေက ဒိုင်တစ်ယောက်ဖြစ်တဲ့ Simon Cowell ပဲဖြစ်ပါတယ်။ Simon ဟာ ယှဉ်ပြိုင်နေစဉ်မှာ ကြီးကြပ်ပေးခဲ့ရုံသာမက ပြိုင်ပွဲပြီးဆုံးသွားချိန်မှာလည်း ၂ ဖွဲ့လုံးကို သူ့ရဲ့ သီချင်းဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Syco Records နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး သီချင်းတွေဖြန့်ချိခဲ့ပါတယ်။ ဒီအထိကတော့ Simon နဲ့ ဒီအဖွဲ့ ၂ ဖွဲ့ရဲ့ ပတ်သက်ပုံပဲဖြစ်ပါတယ်။

 

 

အနုပညာခရီးလမ်း

၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အတွင်းကတော့ One Direction ရဲ့ရွှေခေတ်ပါပဲ။ ထုတ်လိုက်တဲ့ခွေတိုင်းက ရှယ်အောင်မြင်ခဲ့သလို နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ မတ်လ ၂၅ ရက်နေ့မှာတော့ One Direction အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Zayn Malik က “မီးရောင်အောက်ကနေ ခေတ္တထွက်ခွာပြီး ကိုယ်ပိုင်အချိန်ကို ကိုယ့်စိတ်တိုင်းကျ အသုံးပြုနိုင်မယ့် သာမန်ကောင်လေးတစ်ယောက်ဖြစ်ချင်တယ်” လို့ပြောကြားပြီး အဖွဲ့ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ Zayn ထွက်ခွာသွားပြီးနောက်မှာ ကျန်ခဲ့တဲ့ ၄ ယောက်တည်းနဲ့ ဆက်လက်လှုပ်ရှားခဲ့ပေမယ့် သူတို့ရဲ့ ပဉ္စမြောက် Album “Made in the A.M.” (2015) ကို ထုတ်ဝေပြီး ၂၀၁၆ ဇန်နဝါရီလမှာ အချိန်အကန့်အသတ်မရှိ အနားယူသွားခဲ့ကြပါတယ်။ ၁-၂ နှစ်လောက်ပဲအနားယူမှာပါလို့ ပြောကြားထားခဲ့ပေမယ့် ယခု ၂၀၁၈ ရောက်လာတဲ့အချိန်ထိ ဘာသတင်းမှမကြားရသေးတော့ အဖွဲ့က လုံးလုံးကွဲသွားပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။

Fifth Harmony ဟာဆိုရင်လည်း ဒီနှစ်ပိုင်းရဲ့ အထင်ရှားဆုံး Girl Band တစ်ခုဖြစ်ပါတယ်။ The X Factor ပြီးနောက် အနုပညာလှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့လုပ်ဆောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့အချစ်ကို ရယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်အရာမှ ထာဝရမတည်မြဲပါဘူး။ သူတို့ရဲ့ ဒုတိယ Album “7/27” ကိုထုတ်ဝေပြီး ၂၀၁၆ ဒီဇင်ဘာ ၁၈ မှာတော့ အဖွဲ့ဝင်တွေကြားက ပြဿနာတွေကြောင့် Camila Cabello က Fifth Harmony ထဲကနေထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကျန်ရှိတဲ့ ၄ ယောက်တည်းနဲ့ ဆက်လက်လှုပ်ရှားခဲ့ပေမယ့် တတိယမြောက် Album “Fifth Harmony” (2017) ကိုထုတ်ဝေခဲ့ပြီး ၂၀၁၈ မတ်လ ၁၉ ရက်နေ့မှာတော့ သူတို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို အချိန်အကန့်အသတ်မရှိ ရပ်နားလိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

 

 

အံ့သြဖွယ်တိုက်ဆိုင်မှုများ

One Direction ရော Fifth Harmony ရောက ဆရာတစ်ယောက်တည်းလက်အောက်ကနေ ထွက်ရှိလာခဲ့သလို အဖွဲ့အဆုံးသတ်သွားပုံကလည်း အတူတူပါပဲ။ ဒါ့အပြင် အဖွဲ့ ၂ ဖွဲ့လုံးရဲ့ အနုပညာသက်တမ်းကလည်း အတူတူပဲဖြစ်ပါတယ်.. One Direction က ၂၀၁၀ ကနေ ၂၀၁၆ အထိ ၆ နှစ်ကြာမြင့်ခဲ့သလို Fifth Harmony ကလည်း ၂၀၁၂ ကနေ ၂၀၁၈ အထိ ၆ နှစ်ကြာမြင့်ခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး.. အဖွဲ့ထဲကနေ Member တစ်ယောက်ထွက်ခွာသွားပုံချင်း တူညီကြသလို အဲဒီထွက်ခွာသွားတဲ့ Member တွေက ကျန်တဲ့သူတွေထက် အများကြီးပိုအောင်မြင်နေတာချင်းကလည်း အတူတူပါပဲ။ Zayn Malik ရဲ့ အဖွဲ့ကထွက်ပြီးနောက် ထုတ်ဝေခဲ့တဲ့ “Pillowtalk” Single နဲ့ “Mind of Mine” Album တို့ဟာဆိုရင် US နဲ့ UK အပါအဝင် နိုင်ငံပေါင်းများစွာမှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ ထိုနည်းတူပဲ Camila Cabello ဟာဆိုရင်လည်း သူမရဲ့ “Havana” Single နဲ့ “Camila” Album တို့နဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။

အဖွဲ့စပုံချင်းလည်းတူ၊ အဖွဲ့ကွဲပုံချင်းလည်းတူ.. ယုတ်အစွဆုံး အဖွဲ့သက်တမ်းပါတူလိုက်သေးတာကတော့ တကယ်ကိုအံ့သြစရာပါ။ ဖြစ်ပျက်သွားတာတွေဟာဆိုရင် တမင်လုပ်ယူနေသလားတောင် မှတ်ရတဲ့အထိပါပဲ။

 

လက်ရှိအခြေအနေနဲ့အနာဂတ်

လောလောဆယ်မှာတော့ Harmonizer တွေက ချုံးပွဲချငိုနေကြပြီး သူတို့တွေကို Directioners တွေက နှစ်သိမ့်ပေးနေကြပါတယ်.. ဖြစ်ပုံတွေက ဆင်တူနေတော့ ကိုယ်ချင်းစာမိတယ် ဘာညာနဲ့ပေါ့။ နှစ်ဖွဲ့လုံးရဲ့ Member တွေကတော့ ခဏတာနားတယ်ပဲ ပြောကြားခဲ့ပေမယ့် သူတို့တွေကို တစ်ဖွဲ့တည်းအနေနဲ့ပြန်မြင်ရဖို့ ဖြစ်နိုင်ခြေကတော့ တော်တော်နည်းပါတယ်။ Fan တွေအနေနဲ့ကတော့ တစ်နေ့တစ်ချိန်မှာ သူတို့တွေကို တစုတစည်းတည်းပြန်မြင်ရဖို့ မျှော်လင့်နေရုံပဲရှိပါတယ်။

 

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *