ကမ္ဘာ့ပထမဆုံး EGOT ၂ ကျော့ပြန်ရရှိသူဖြစ်လာတဲ့ ‘Let It Go’ နဲ့ ‘Remember Me’ သီချင်းတွေရဲ့ဖန်တီးရှင်

90_oscar_best_original_song_robert_lopez

အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ ရွှေရုပ်တုကြီးကိုင်ပြီး အောင်ပွဲခံခဲ့ကြသူတွေထဲမှာ တေးရေးဆရာ Robert Lopez တစ်ယောက်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ Lopez ဟာ သူ့ရဲ့ဒုတိယမြောက် အော်စကာဆုကို Disney ရဲ့ Coco ကာတွန်းထဲက ‘Remember Me’ သီချင်းနဲ့ ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ Lopez နဲ့ Disney တို့အတွဲ ဒုတိယအကြိမ်အောင်ပွဲခံခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Frozen ကာတွန်းထဲက ‘Let It Go’ သီချင်းက Lopez ကို သူ့ရဲ့ပထမဆုံးအော်စကာဆုကို ဆွတ်ခူးပေးခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အော်စကာညဟာ Lopez ကို သူ့ရဲ့ဒုတိယမြောက်အော်စကာဆု ရရှိသွားစေရုံသာမကပဲ ကမ္ဘာ့စံချိန်တစ်ခုပါ တင်သွားစေခဲ့ပါတယ်။ အဲဒါကတော့ Lopez ဟာ ကမ္ဘာ့ပထမဆုံး EGOT ကို နှစ်ကျော့ပြန် ဆွတ်ခူးဖူးသူ ဖြစ်သွားခြင်း ဖြစ်ပါတယ်။ EGOT ဆိုတာကတော့ Emmy Award (TV Series), Grammy Award (သီချင်း), Oscar (ရုပ်ရှင်) နဲ့ Tony Award (ပြဇာတ်) ဆိုင်ရာဆုတွေကို အတိုကောက်ပေါင်းခေါ်ထားတာပါ။ ပြောမယ်ဆိုရင် EGOT ဟာ လက်ရှိအနောက်တိုင်းအနုပညာလောကရဲ့ နယ်ပယ်အသီးသီးက အဆင့်အမြင့်ဆုံးဆုတွေဖြစ်ပါတယ်။

အထူးဆုတွေ၊ ဂုဏ်ပြုဆုတွေကိုထည့်မတွက်ဘူးဆိုရင် လက်ရှိအချိန်ကမ္ဘာပေါ်မှာ EGOT ရရှိပြီးသူက စုစုပေါင်း ၁၂ ယောက်သာရှိပါသေးတယ်။ အဲဒီအထဲကမှ EGOT ရဲ့ ကဏ္ဍတစ်ခုချင်းစီမှာ အနည်းဆုံး ၂ ကြိမ်စီဆုရဖူးသူက Lopez တစ်ယောက်တည်းသာ ရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် Lopez ဟာ EGOT လေးဆုလုံးကို ၁၀ နှစ်အတွင်းမှာရယူခဲ့တာဖြစ်ပြီး အမြန်ဆုံး EGOT ရရှိသူအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဒါတင်မကသေးပါဘူး… သူဟာ အသက် ၃၉ နှစ်အရွယ်မှာ EGOT ရရှိခဲ့တာဖြစ်ပြီး သမိုင်းမှာ အသက်အငယ်ဆုံး EGOT ရရှိသူအဖြစ် စံချိန်တင်ထားပါသေးတယ်။

လက်ရှိအချိန်မှာ အသက် ၄၃ နှစ်ပဲရှိသေးတဲ့ Lopez ဟာ Emmy ၂ ဆု၊ Grammy ၃ ဆု၊ Oscar ၂ ဆု၊ Tony ၃ ဆုတို့ကို ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။ နောက်ထပ် Emmy ၁ ဆုနဲ့ Oscar ၁ ဆုသာထပ်ရလိုက်ရင် သုံးကျော့ပြန် EGOT ဆုရှင်ဖြစ်လာနိုင်ပါသေးတယ်။ အနုပညာလောကထဲ ဆက်လက်လှုပ်ရှားဦးမယ့် Lopez အဖို့ နောက်ထပ်စံချိန်သစ်ထပ်တင်ဖို့ အခွင့်အရေးတွေအများကြီးကျန်ပါသေးတယ်။

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *