Instagram ပေါ်မှာ လူပြောများနေတဲ့ Selena Gomez ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို Clip

အခုတလောမှာ ကမ္ဘာတစ်ဝှမ်းက Selena Gomez ရဲ့ ပရိသတ်တော်တော်များများဆီက မကျေနပ်တဲ့ ဆူဆူညံညံအသံတွေ ထွက်နေကြပါတယ်။ နောက်… သူတို့ဆီက မေးခွန်းလေးတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့လိုက်အောင် သရုပ်ဆောင်တတ်သလို၊ သီချင်းတွေကိုလည်း လှလှပပလေး သီဆိုတတ်လွန်းတဲ့ Gomez ဟာ သူမရဲ့ မြတ်နိုးစရာ ပုံစံဟောင်းလေးကို ဖျက်စီးပစ်လိုက်ပြီလား… တဲ့။

အဲဒီလို ဆူညံသံတွေ၊ မေးခွန်းတွေ ထွက်လာရတာဟာ တခြားလူကြောင့်တော့ မဟုတ်ပါဘူး။ ကနေဒါက အနုပညာရှင်တစ်ဦးဖြစ်တဲ့ Petra Collins ကြောင့်လို့ ပြောရင်ရပါတယ်။ ဟုတ်ပါတယ်။ Collins ဟာ ဇွန်လ ၂၀ ရက်နေ့တုန်းက သူမရဲ့ Instagram ပေါ်မှာ သူမကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ Gomez ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ ဓာတ်ပုံလေးတွေကို တင်ခဲ့တာကြောင့်မို့ပါပဲ။

ဗီဒီယိုဖိုင်လေးထဲမှာ Gomez ဟာ ရေချိုးကြွေဇလုံထဲက နောက်ကျိနေတဲ့ရေတွေထဲမှာ မျက်နှာဖုံးပျော့တစ်ခုကို ကိုင်ပြီး အဝတ်ကင်းမဲ့စွာနဲ့ ရေချိုးနေခဲ့တာပါ။ အဲဒီမှာ သူမရဲ့လက်ထဲက မျက်နှာဖုံးပျော့က အသည်းယားစရာဖြစ်နေခဲ့သလို နောက်ခံတီးလုံးနဲ့ ရိုက်ကွင်း၊ ရိုက်ကွက်၊ ရိုက်ချက်တွေကလည်း ခြောက်ခြားစရာဟန်ပန် ပေါက်နေခဲ့တာမို့ ပရိသတ်တော်တော်များများက ကြည့်ရင်းနဲ့ ကြက်သီးထလာတယ်လို့ ပြောကြပါတယ်။ ပြီးတော့ ကြည့်နေရင်းနဲ့ မကောင်းတာ တစ်ခုခုများ ဖြစ်လာတော့မလား ဆိုပြီးတော့လည်း ထိတ်လန့်နေကြရသေးတယ်လို့ ဆိုကြပြန်ပါတယ်။

နောက်ထပ်… Collins တင်ထားခဲ့တဲ့ Gomez ရဲ့ ဓာတ်ပုံလေးတစ်ပုံကလည်း တကယ့်ကို စိတ်နှလုံးနောက်ကျိစရာ အသည်းယားစရာပါ။ မျက်နှာပေါ်မှာ လက်ချောင်းတွေ ပေါက်နေတဲ့ လူတစ်ယောက်အပေါ်မှာ Gomez က မှီနွဲ့နေခဲ့တဲ့ပုံ ဖြစ်နေခဲ့လို့ပါပဲ။ အဲဒီတော့ Gomez ကို အဲဒီလိုတွေရိုက်တာ မမြင်ချင်ကြတဲ့ ပရိသတ်တွေဆီက ဆူညံသံတွေနဲ့ မေးခွန်းတွေ ထွက်လာရတော့တာပဲ ဖြစ်ပါတယ်။ ဒါတွင်မကသေးပါဘူး။ ပရိသတ်တွေက သူတို့မျက်စိထဲမှာ သူတို့ရဲ့ ရွှေမင်းသမီးလေး Gomez ကို လှပချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ပဲ မြင်ချင်နေကြတာမို့ အဲဒီလို ပုံဆိုးပန်းဆိုးနဲ့ ခြောက်ခြားစရာကြီးတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ Collins ကိုလည်း တော်တော်လေး အပြစ်ပြောကြတာတွေကို တွေ့ရပြန်ပါသေးတယ်။ (တချို့တွေကဆို ဆဲကြပါတယ်။)

a love story

A post shared by Petra Collins (@petrafcollins) on

ဒါပေမဲ့ စဉ်းစားကြည့်မယ်ဆိုရင် Collins ကိုချည်း အပြစ်ပြောလို့ မရပါဘူး။ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Gomez အနေနဲ့ သူ့ပရိသတ်တွေကို အထူးအဆန်းလေးတွေ ဖန်တီးပြချင်လို့ Collins နဲ့အတူ ပူးပေါင်းပြီး ဒီလိုပုံစံတွေ အနေအထားမျိုးတွေကို လက်ခံရိုက်ကူးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ Collins ကတော့ ဝေဖန်မှုတွေကို ဘာမှမတုံ့ပြန်ဘဲ သူမကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ Gomez ရဲ့ ဗီဒီယိုဖိုင်လေးနဲ့ ဓာတ်ပုံတွေကို A Love Story ဆိုတဲ့ နာမည်ပေးထားပြီး၊ သူမရဲ့ IGTV Project အတွက် ရိုက်ကူးထားတာလို့ သိရပါတယ်။

တကယ်တော့ Collins နဲ့ Gomez တို့ဟာ အခုမှ အတူတွဲပြီး အလုပ်လုပ်ဖူးကြတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၇ ဇူလိုင်လတုန်းက Gomez ရဲ့ Fetish ဆိုတဲ့ သီချင်းကို Collins ကပဲ mucic video အဖြစ် ရိုက်ကူးပေးခဲ့တာလို့ သိရပါတယ်။       ။

Leave a Reply

Your email address will not be published. Required fields are marked *