စိတ်ခွန်အားပေးမယ့် သီချင်းကောင်း ၅ ပုဒ်

headphones

ဒီတစ်ခေါက်မှာတော့ Myanmar Groove ရဲ့ပရိသတ်တွေကို Inspiration Song လေးတစ်ချို့နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အလုပ်ကနေပြန်လာလို့ ပင်ပန်းနွမ်းနယ်နေတဲ့အခါပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် စိတ်ဓာတ်ခွန်အားတွေလိုအပ်နေတဲ့အခါပဲဖြစ်ဖြစ် နားကြပ်လေးတပ်ပြီး ဒီသီချင်းလေးတွေကိုနားထောင်လိုက်ပါ။ စိတ်ဓာတ်ခွန်းအားတွေပြန်ပြည့်လာမှာပါနော်။ အခုပထမဆုံးမိတ်ဆက်ပေးမယ့် သီချင်းလေးကတော့…

 

(1) ‘Lose Yourself‘ – Eminem

အမေရိကန် Rapper Eminem ရဲ့ ‘Lose Yourself’ ဆိုတဲ့သီချင်းလေးပါ။ စတင်ထုတ်ဝေခဲ့တာကတော့ 2002 ခုနှစ် အောက်တိုဘာလမှာဖြစ်ပြီး Eminem ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ 2003 ခုနှစ်မှာ ‘Academy Award for Best Original Song’ ဆုကိုရှိခဲ့ပြီး 2004 ခုနှစ်မှာလည်း ‘Grammy Award for Best Rap Song’ နဲ့ ‘Best Rap Solo Performance’ ဆုတို့ကို ရရှိခဲ့ပါတယ်။ American Billboard Hot 100 မှာ နံပါတ် 1 နေရာထိရတဲ့အထိလည်း ဒီသီချင်းလေးက လူကြိုက်များခဲ့တာပါ။ သီချင်းလေးရဲ့အစမှာကတည်းက “အကယ်လို့ မင်းလိုချင်တဲ့အရာအားလုံးကိုဖမ်းဆုပ်နိုင်မယ့် အခွင့်အရေးတစ်ခုရှိခဲ့မယ်ဆိုရင် မင်းဖမ်းဆုပ်ထားမလား။ လွဲချော်ခွင့်ပေးလိုက်မလား” ဆိုတဲ့မေးခွန်းလေးနဲ့စထားပြီး နောက်ပိုင်းတွေမှာ စိတ်ခွန်အား ကောင်းကောင်းပေးထားပါတယ်။

(2) ‘Don’t Stop Believing‘ – Journey

ဒုတိယမိတ်ဆက်ပေးချင်တဲ့သီချင်းလေးကတော့ အမေရိကန် Rock Band ‘Journey’ ရဲ့ ‘Don’t Stop Believing’ ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးရဲ့ တကယ့် Original ကိုတော့ သူတို့ Band ရဲ့ ၇ ခုမြောက် Album ဖြစ်တဲ့ Escape(1981) အယ်လ်ဘမ်ထဲမှာထည့်သွင်းထုတ်ဝေခဲ့တာပါ။ စစထုတ်ဝေခြင်းမှာပဲ American Billboard Hot 100 မှာ No.9 နေရာရှိခဲ့ပြီး 2006 ခုနှစ်မှာတော့ No.6 နေရာရှိခဲ့ပါတယ်။ ဒီသီချင်းထဲမှာဆိုရင် သာမန်ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် ဘဝကိုယုံကြည်မှုရှိရှိနဲ့ဖြတ်သန်းနေကြတာကို ပုံဖော်သီဆိုထားတာပါ။ ကျွန်မတို့ရည်မှန်းချက်တွေပြည့်ဝဖို့ ယုံကြည်ထားတာတွေကို မရပ်တန့်ပဲ ဆက်ကြိုးစားသင့်ကြောင်း ဒီသီချင်းလေးကသတိပေးနေပါလိမ့်မယ်။

 

(3) ‘You Raise Me Up‘ – Josh Broban

တတိယမြောက်သီချင်းလေးကတော့ Josh Groban သီဆိုထားတဲ့ ‘You Raise Me Up’ ဆိုတဲ့သီချင်းလေးပါ။ သီချင်းလေးကို နားထောင်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ဒီသီချင်းရဲ့ original ကတော့ Irish-Norwegian band တစ်ခုဖြစ်တဲ့ Secret Garden ကသီဆိုထားတာပါ။ 2002 ခုနှစ်အစောပိုင်းတွေမှာ ဒီသီချင်းနဲ့ဖျော်ဖြေခဲ့ပြီးနောက်မှာတော့ John Groban အပါအဝင် အနုပညာရှင်တော်တော်များများဟာလည်း ဒီသီချင်းကိုပြန်ဆိုထားတာကြောင့် 2003 ခုနှစ်မှာ တော်တော်ကို လူကြိုက်များတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့မှာပါ။ ဒီနေ့ဒီအချိန်ထိလည်း ‘You Raise Me Up’ ဆိုတဲ့သီချင်းလေးကို နေရာတိုင်းမှာ ရင်းရင်းနှီးနှီးကြားနေရတုန်းပါပဲ။ သီချင်းစာသားမှာတော့ ကျွန်မတို့ရဲ့စိတ်ဝိညာဉ်ကျရှုံးနေတဲ့အချိန်၊ ပြဿနာတွေဟာ မဖိတ်ခေါ်ပဲရောက်ရှိလာတဲ့အချိန်၊ ဒီလိုအချိန် အမှောင်ထဲမှာ တိတ်ဆိတ်စွာ တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေမိတဲ့အချိန်မှာ ကျွန်မတို့စောင့်မျှော်နေသူဟာ အခက်အခဲတွေ ပြသနာတွေကြားကနေ ကယ်တင်ဖေးမပေးကြောင်း ရေးသားထားတာပါ။ ကျွန်မတို့ဟာ တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်ပြီး ဘဝတွေဟာမြင့်မားလာကြသလိုပါပဲ.. ဒီသီချင်းလေးဟာလည်း ကျွန်မတို့ကို ဖေးမကူညီခဲ့သူ လက်တွဲခေါ်သူတွေကိုအမြဲသတိရနေစေပြီး လိုအပ်နေသူကို လက်တွဲခေါ်ဖို့လည်း လမ်းညွှန်ပေးထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။

 

(4) ‘It’s My Life‘ – Bon Jovi

စတုတ္ထမြောက်သီချင်းလေးတော့ Bon Jovi ရဲ့ ‘It’s My Life’ ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကတော့ ၂ဝဝဝ ခုနှစ်ရဲ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Bon Jovi ရဲ့ ‘Crush’ ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းလေးပါ။ စစထုတ်ဝေချင်းမှာ UK ရဲ့ No. 33 နေရာကိုပဲရောက်ခဲ့ပေမယ့် အခြားနိုင်ငံ ၁၀ နိုင်ငံမှာ ပရိသတ်ရဲ့ အားပေးလက်ခံမှုအကြီးအကျယ်ကိုရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ခုဆို cover song ဆိုတဲ့ Rock Band တွေတိုင်းလည်း ‘It’s My Life’ ဆိုတဲ့သီချင်းကို version အမျိုးမျိုးနဲ့ပြန်လည်သီဆိုနေကြပြီး သီချင်းစာသားကတော့ “ငါဟာ အမြဲရှင်သန်နေမှာမဟုတ်ဘူး။ ငါရှင်သန်နေတဲ့အချိန်လေးပဲနေရမှာ…“ဆိုပြီး ဘဝရဲ့တိုတောင်းပုံကိုဖော်ပြကာ ဘဝမှာအသက်ရှိစဉ် ကိုယ်ပျော်သလို ကိုယ့်လမ်းအတိုင်းလျှောက်သင့်ကြောင်း Rock ဆန်ဆန်သီဆိုထားတာပါ။ ပြီးတော့ သီချင်းနားထောင်ရင်း “It’s My Life” ဆိုပြီးလိုက်အော်ဆိုရတာလည်း တော်တော်ကို အားရှိသွားစေပါတယ်။

 

(5) ‘I Believe I Can Fly‘ – R.Kelly

နောက်ဆုံးသီချင်းလေးကတော့ R.Kelly ရဲ့ ‘I Believe I Can Fly’ ဆိုတဲ့သီချင်းလေးပါ။ ၁၉၉၆ ခုနှစ်ရဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ စတင်ဖြန့်ချိခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ American Billboard Hot 100 မှာ No.3 နေရာရှိခဲ့ပါတယ်။ ဒီသီချင်းလေးမှာဆိုရင် “ငါမြင်နိုင်သေးရင် ငါလုပ်နိုင်တယ်။ ငါယုံကြည်ဖို့ပဲလိုတယ်။ ငါပျံသန်းနိုင်တယ်လို့ငါယုံကြည်တယ်။ ငါဟာ ကောင်းကင်ပြင်ကြီးကို ထိနိုင်တယ်ကို ငါယုံကြည်တယ်”ဆိုပြီး ယုံကြည်မှုရှိရင် ဘာမဆိုဖြစ်နိုင်တဲ့အကြောင်း သီဆိုထားတဲ့အတွက် တကယ့်ကို ကောင်းတဲ့သီချင်းလေးတစ်ပုဒ်ပါ။ ဘဝမှာအခက်အခဲတွေကြုံတိုင်း လက်လျှော့ချင်စိတ်တွေဖြစ်လာတဲ့အခါတိုင်း အားပေးစကားလေးတွေလိုအပ်ကြမှာပါ။ အဲ့လို အချိန်တွေမှာ ဒီလို သီချင်းလေးတွေနားထောင်လိုက်ရင် အားအင်တွေပြည့်သွားမှာ အသေအချာပါပဲ။ ဒါကြောင့် ဒီသီချင်းလေးတွေကို နားထောင်ရင်း အခက်အခဲတွေအားလုံးကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဖြင့်…

Leave a Reply

Your email address will not be published. Required fields are marked *