Spice Girls အဖွဲ့ Reunion Tour ထွက်မှာမဟုတ်ကြောင်း Victoria Beckham ကရှင်းလင်းပြောကြား

ဖေဖော်ဝါရီလဆန်းတုန်းက Spice Girls အဖွဲ့ဝင်တွေ ပြန်လည်ဆုံတွေ့ကြတဲ့သတင်းထွက်လာတော့ လူတွေက အမျိုးမျိုးထင်ကြေးတွေပေးနေကြပြီး Tour ထွက်မယ်ဆိုတဲ့ထင်ကြေးကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး Victoria Beckham (Posh Spice) က သူတို့အနေနဲ့ Reunion Tour ပြုလုပ်မှာမဟုတ်ဘူးလို့ အတိအလင်းပြောကြားလိုက်ပါတယ်။ အဆိုပါအကြောင်းအရာကို New York Fashion Week မှာ သူမရဲ့ Fall/Winter 2018 Collection ကို လာရောက်ပြသရင်းကနေ Vogue ကို ဖြေကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Victoria Beckham က “ကျွန်မ Tour ထွက်မှာမဟုတ်ပါဘူး။ ကျန်တဲ့သူတွေရော Tour ထွက်ဖို့စိတ်ကူး မရှိကြပါဘူး။” လို့ ဖြေကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဆို သူတို့ဆုံတွေ့ခဲ့ကြပြီး ဘာတွေလုပ်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းကိုတော့ “ရောက်တတ်ရာရာပါပဲ.. ဒီလိုပဲ Brainstorming လုပ်နေကြတာပါ” လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ reunion ရဲ့ရလဒ်ကတော့ ကောင်းပါတယ်လို့လည်း ထပ်ဆောင်းပြောကြားသွားပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ဒီတစ်လောအတွင်းမှာ စိတ်မချမ်းသာစရာတွေ ဖြစ်ပျက်နေတာ အများကြီးပဲလေ.. Spice Girls က ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့အတွက် ကလေးငယ်တွေအတွက် ပျော်ရွှင်ဖွယ်ရာတွေ သယ်ဆောင်ပေးလာနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ “သေချာတာကတော့ ကျွန်မ catsuit ဝတ်မှာမဟုတ်ပါဘူး” လို့ ရယ်မောပြောဆိုရင်း အဲဒီအမေးအဖြေကို အဆုံးသတ်ထားခဲ့ပါတယ်။

Spice Girls အမာခံပရိသတ်တွေအတွက်ကတော့ ဒီသတင်းက မျှော်လင့်ထားတဲ့အဖြေနဲ့မကိုက်ညီပေမယ့် မျှော်လင့်ချက်တော့ မဆုံးသေးပါဘူးလို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *